သရက်ချောင်း၊ ဖေဖော်ဝါရီ ၂၅
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ဥတ္တူကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ တော်လှန်ရေးရဲဘော် သုံးဦးကျဆုံးခဲ့တယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းထံက သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး အင်အား ၈၀ ဝန်းကျင်နဲ့ သရက်ချောင်းမြို့နယ် ဥတ္တူကျေးရွာဘက်ကို စစ် ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေကြား ဥတ္တူကျေးရွာနဲ့ မဲနယ်အိုးကျေးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
တော်လှန်ရေး အင်အားစုတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်ဟာ ရွှေဂူတံတားဂိတ် စစ်ဆေးရေးဂိတ် တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက်ပိုင်း သရက်ချောင်းမြို့နယ် အပေါ်ပိုင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးလှုပ်ရှားနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကြောင်းထိုးမှုကြောင့် ဖေဖော်ဝါရီ ၂၁ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က ဥတ္တူကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်ဥတ္တူနဲ့ ရဲဘော်ဝက်ငယ်၊ ထားတယ်နဂါးတပ်ခွဲ ၂ မှ ရဲဘော် ဝတုတ်တို့ သုံးဦးကျဆုံးခဲ့တယ်လို့ ဒေါင်းညီနောင်စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တစ်ဖက်မှာလည်း လေးရက်ဆက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်ဘက်မှ ရဲဘော်တွေ ထိခိုက်ကျဆုံးတာတွေ ရှိခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ ထိခိုက်သေဆုံးတဲ့ အခြေအ နေတွေကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ဥတ္တူကျေးရွာအနီးတစ်ဝိုက်မှာ စစ်ကြောင်းထိုး သွားလာလှုပ်ရှားနေတာကြောင့် ဥတ္တူ၊ ပန်းပြင်၊ မဲနယ်အိုးစတဲ့ကျေးရွာငါးရွာက ဒေသခံတွေ ဘေးလွတ်ရာကို ထွက် ပြေးတိမ်းရှောင်နေရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့နဲ့ ၉ ရက်နေ့မှာလည်း သရက်ချောင်းမြို့နယ် ဥတ္တူကျေးရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာအတွင်းရှိ နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဒေါင်းနီနောင်စစ်ကြောင်း