မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၄
နိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ လေးလအတွင်း စစ်ကောင်စီရဲ့ လူငါးဦးနဲ့အထက် အစုံလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ စုစုပေါင်း ၄၀၀ နီးပါး သေဆုံးခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ ညဏ်လင်းသစ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလကနေ ဒီဇင်ဘာလအထိ နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၃၂ မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ အစုံလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၃၆၈ ဦး သေဆုံးခဲ့တာပါ။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပုံစံတွေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်တာ၊ စစ်ကြောင်းထိုးချိန် သတ်ဖြတ်မှု၊ ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်မှုအပြင် နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားတွေ အစုလိုက်အပြုလိုက် သေဆုံးမှုတွေ ရှိနေပါတယ်။

အဲဒီထဲမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ ၂၁၅ ဦး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၄၅ ဦး၊ စစ်ကြောင်းထိုး ဝင်ရောက်ချိန် သတ်ဖြတ်မှုကြောင့် ၅၁ ဦး၊ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ၇ ဦးနဲ့ နှစ်ဖက်အပြန်အလှန် တိုက်ပွဲအတွင်း သတ်ဖြတ်မှုကြောင့် ၅၀ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဆိုတာဟာ ခုခံနိုင်ခြင်းမရှိတဲ့ လက်နက်မဲ့သူတွေ အထူးသဖြင့် အပြစ်မဲ့အရပ်သား အများအပြားကို သတ်ဖြတ်တာဖြစ်ပြီး လူ ၅ ဦးနဲ့အထက်ကို သတ်ဖြတ်တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

အာဏာသိမ်းလေးနှစ်အတွင်း ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအထိ နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီရဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ စုစုပေါင်း ၃၅၆၃ ဦး သေဆုံးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA