ရေး ၊ ဖေဖော်ဝါရီ ၂၅
မွန်ပြည်နယ် ရေးမြို့နယ်ရှိ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့နေရာတွေနဲ့ အနီးပတ် ဝန်းကျင်ရှိ ကျေးရွာတွေကို စစ်ကောင်စီဘက်က ဒရုန်းစစ်ဆင်ရေးတွေ ပိုမိုပြုလုပ်လာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မြေပြင်တိုက်ပွဲတွေမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ အင်အားပြုန်းတီးမှုနဲ့ အသုံးစရိတ်ချွေတာဖို့အတွက် အခုနှစ်ဆန်းပိုင်းကစပြီး တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုအားကောင်းတဲ့ ရေးဒေ သကို လေကြောင်းကင်းထောက်မှုတွေ ပြုလုပ်ခဲ့တာပါ။
အဲဒီနောက် ဇန်နဝါရီနောက်ဆုံးအပတ်ကစပြီး တော်လှန်ရေးအင်အားစုတွေ ရှိနိုင်မယ်ထင်တဲ့ နေ ရာတွေအပြင် အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကိုပါ ရည်ရွယ်ချက်ရှိရှိ ဒရုန်းနဲ့တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာတာ ဖြစ်ပါတယ်။
မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးကတော့ မကြာမီကာလအတွင်း စစ်ကောင်စီဘက်က ဒရုန်းစစ်ဆင်ရေးတွေ ပိုမိုပြုလုပ်လာနိုင်တာကြောင့် လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်ဆောင်ထားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီနောက်ပိုင်း လေကြောင်းပိုင်းဆိုင်ရာ ပစ်ခတ်မှုတွေရှိလာဖို့ များတယ်လို့ ကျွန်တော်တို့ ယူဆထားတယ်။ ဘယ်နေရာမှာ ဘယ်သူ့စခန်း ရှိသလဲဆိုတဲ့ မြေပြင်ထောက်လှမ်းရေးတွေလည်း သူတို့ လုပ်လာတာတွေ ရှိတယ်။ ဒါကြောင့် ဒီလေကြောင်းကချတဲ့ ဗုံးတွေကတော့ မကြာခင်ကျွန်တော်တို့ ဘက်မှာလည်း များလာလိမ့်မယ်လို့ တွေးထားတာပေါ့နော်။ ပြင်ဆင်မှုတွေလည်း လုပ်ထားတာ ရှိပါတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ မထင်ရင်မထင်သလို ဒရုန်းအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေ ရှိလာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ လိုအပ်တဲ့အပြင် ဗုံးခိုကျင်းတွေ မဖြစ်မနေ တူးထားကြဖို့ သူကတိုက်တွန်းတာပါ။
စစ်ကောင်စီရဲ့ အခုနောက်ပိုင်း ဒရုန်းစစ်ဆင်ရေးတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တပ်စခန်း၊ ထိန်းချုပ်ဒေသတွေအပြင် လှုပ်ရှားစစ်ကြောင်းတွေကိုပါ ကင်းထောက်ပြီး ဗုံးကြဲမှုတွေ ပြုလုပ်လာတာတွေ တွေ့ရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့ ဒေါနစစ်ကြောင်း တာဝန်ခံစောဒါးကိုကတော့ စစ်ကောင် စီတပ်ဟာ တပ်အင်အားပြုန်းတီးမှုကြောင့် တန်ပြန်ဒရုန်းစစ်ဆင်ရေးတွေ ကျယ်ကျယ်ပြန့်ပြန့် ပြု လုပ်လာတယ်လို့ ပြောပါတယ်။
“စကစဘက်က ဒရုန်းအင်တိုက်အားတိုက် သုံးလာတဲ့ဟာကတော့ အဓိကသူတို့ကိုယ်တိုင် ဒရုန်းနဲ့ ခံလာရတော့ ဒရုန်းရဲ့အဓိကကတော့ ထိရောက်မှုလည်း အားရှိတာပေါ့နော်။ ဒရုန်းတွေ သုံးလာတဲ့ အနေအထားကို တွေ့လာရတာပေါ့နော်။ ဒါကတော့ သေချာတယ်။ ဒီကောင်တွေမှာ အင်အားမရှိလို့သာ ဒရုန်းကိုကျယ်ကျယ်ပြန့်ပြန့် သုံးလာတဲ့ အနေအထားမျိုး တွေ့လာရတာပေါ့နော်” လို့ ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ မြေပြင်မှာ တိုက်ခိုက်နိုင်စွမ်းမရှိတဲ့အတွက် ဒရုန်းတွေအပါအဝင် လေကြောင်းကို အားပြုပြီး တိုက်ခိုက်မှုတွေကို လုပ်ဆောင်လာတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအပြင် ဒေသခံတွေပါ ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။
သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ အခုနှစ်အတွင်း စစ်ကောင်စီရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် အရပ်သားအပါအဝင် တော်လှန်ရေးတပ် ဖွဲ့ဝင် ငါးဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိထားပါတယ်။
ဒါ့အပြင် စာသင်ကျောင်း၊ ဘုရားစေတီ၊ ဘာသာရေးအဆောက်အဦ၊ ဈေးဆိုင်၊ လူနေအိမ်တွေအ ပါအဝင် အရပ်ဘက်အဆောက်အဦ အလုံး ၃၀ ထက်မနည်း ထိမှန် ပျက်စီးထားပါတယ်။
မြေပြင်စစ်ဆင်ရေးတွေမှာ တိုက်ခိုက်ရေးအင်အားယိုင်နဲ့လာနေတဲ့ စစ်ကောင်စီဟာ ဒရုန်းစစ်ဆင် ရေးတွေကို အရှိန်မြှင့်လာနိုင်တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားဖို့ CDM တပ်အသိုင်းအဝိုင်းက သတိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-SAC Telegram