ပြည်၊ ဖေဖော်ဝါရီ ၂၄

ပဲခူးတိုင်း ပြည်အကျဉ်းထောင်မှာ ထောင်အာဏာပိုင် အကျဉ်းဦးစီးဝန်ထမ်းတွေရဲ့ ထိုးကြိတ်ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ မနက် ၇ နာရီခွဲအချိန်ခန့်မှာ ပြည်အကျဉ်းထောင်ရှိ စားရိပ်သာ တာဝန်ခံ အကျဉ်းသားလင်းထိန် ဆိုသူမှ အကြောင်းပြချက် ပြောဆိုခြင်းမရှိဘဲ နိုင်ငံရေးအကျဉ်းသားတစ်ဦးကို လက်သီးနဲ့ ထိုးကြိတ်ခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားတစ်ဦး လက်သီးနဲ့ ထိုးခံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်က မိန်းဂျေးရှေ့ကို သွားရောက်ပြီး ထောင်မှူး ဦးကျော်အောင်ထံမှာ ကျူးလွန်သူကို အရေးယူပေးဖို့ ငြိမ်းချမ်းစွာ တင်ပြတောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို တောင်းဆိုနေချိန်အတွင်း အကျဉ်းထောင် ဗဟိုကင်းမှ သေနတ်နှစ်ချက် ပစ်ဖောက်ပြီး အကျဉ်းထောင်ဝန်ထမ်း တစ်ပွင့်အရာရှိ တေဇာဝင်းရဲ့ အမိန့်ပေးခိုင်းစေမှုနဲ့ ထောင်ဝန်ထမ်း ဥက္ကာမိုး အပါအဝင် အခြားရာဇဝတ်အကျဉ်းသားတွေဖြစ်တဲ့ အကျဉ်းသား စူပါဖိုး၊ အခန်းစာရေး ငတိပါအဖွဲ့တို့မှ ဝါးဆစ်တုတ်၊ သစ်သားတုတ်၊ ဓါးတွေ ကိုင်ဆောင်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ဝင်ရောက်ရိုက်နှက် ခြိမ်းခြောက်ခဲ့ပါတယ်။

ရိုက်နှက်ခံရမှုကြောင့် နိုင်ငံရေးအကျဉ်းသား ငါးဦးဟာ ဖူးယောင်ဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ခြေထောက် ပေါက်ပြဲ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ PPNM က ဆိုပါတယ်။

PPNM အနေနဲ့ အခုလို နိုင်ငံရေးအကျဉ်းသားတွေ မတရားဖိနှိပ်မှု မပြုလုပ်ကြဖို့နဲ့ အဖိနှိပ်ခံ နိုင်ငံရေးအကျဉ်းသားတွေနဲ့အတူ ရပ်တည်သွားမှာဖြစ်သလို တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလ လေးနှစ်အတွင်း ဖမ်းဆီးခံရသူ စုစုပေါင်း ၂၈,၆၃၇ ဦး ရှိပြီး အဲဒီထဲမှာ နှစ်သောင်းကျော် ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PPNM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.