နောင်ချို၊ ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ အဆိပ်ငွေ့ဗုံး ကြဲချတိုက်ခိုက်မှုကြောင့် TNLA တပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က နောင်ချိုမြို့နယ် တောင်ရှည်ရွာနဲ့ မန်မော်ကျေးရွာကြားမှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က နေ့လည် ၁ နာရီခွဲအချိန်ခန့်မှာ အဆိပ်ငွေ့ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် TNLA တပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

TNLA တပ်သားတွေဟာ အဆိပ်ငွေ့ဗုံးကြဲခံရတာကြောင့် အသက်ရှုမြန်ဆန်တာ၊ မအီမသာ မူးဝေတာ၊ စိတ်လှုပ်ရှား မြန်ဆန်တာ၊ မောပန်းတာ၊ အောက်ဆီဂျင်ကျကာ ဝေဒနာတွေ ခံစားနေရပြီး ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲကာလအတွင်း နိုင်ငံတကာမှ တားမြစ်ထားတဲ့ အဆိပ်ငွေ့ဗုံးကို အသုံးပြုကာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာ ဖြစ်တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

အခုလအတွင်း စစ်ကောင်စီဟာ တအာင်းဒေသရှိ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၇ ဦးသေဆုံးခဲ့ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.