မကွေး ဖေဖော်ဝါရီ ၂၄

မကွေးတိုင်း စေတုတ္တရာမြို့နယ် မုံညှင်းကျေးရွာကို စစ်ကောင်စီက စက်တပ်လေထီးနဲ့ဗုံးကြဲလို့ ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ၈ ဦးသေဆုံးတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက် မနက် ၃ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ နှစ်ကြိမ် ဗုံးကြဲခဲ့တာဖြစ်ပြီး ပြည်သူ ၈ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရခဲ့ပါတယ်။

“အခု သူတို့ကြဲတဲ့နေရာက တောင်သူတွေပဲနေတာ။ တဲအိမ်လေးတွေစုပြီးတော့နေတာကို တမင်သက်သက် ကြဲသွားတာ။ တဲအိမ်လေးတွေက ကပ်နေတာဆိုတာ အထိအခိုက်များတယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မုံညှင်းကျေးရွာအနီးရှိ မင်းလမ်းတဲအိမ်စုဟာ တောင်သူတွေ စုပေါင်းယာလုပ်ကိုင်နေတဲ့ နေရာဖြစ်ပြီး တစ်အိမ်နဲ့တစ်အိမ် ထိစပ်နေတာကြောင့် ကျေးရွာအငယ်ပုံစံဖြစ်နေတာလို့ သိရပါတယ်။

အခု စက်တပ်လေထီးနဲ့ဗုံးကြဲတာကြောင့် နေအိမ် ၁၀ လုံး ထိခိုက်ပြီး ၃ လုံးမှာ လုံးလုံးပျက်စီးသွားခဲ့ကာ နွား ၂၄ ကောင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်ကလည်း ပွင့်ဖြူ-စေတုတ္တရာ အစပ်က ရေရင်ကျေးရွာကို စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့တဲ့အတွက်နေအိမ်တစ်လုံးမီးလောင်ကာ လူနဲ့ နွားတွေ ထိခိုက်မှုရှိခဲ့ပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.