ဗထူး ၊ ဖေဖော်ဝါရီ ၂၃
ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လုံခြုံရေးနဲ့တည်ငြိမ်ရေး ပိုလိုအပ်တဲ့အတွက် နယ်မြေချဲ့ထွင်ရေး တိုက် ပွဲဖော်ဆောင်လာမှုတွေကို စစ်တပ်အနေနဲ့ စစ်ဆင်နွှဲသွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြွေးကြော်လိုက်ပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ဗထူးမြို့ကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်က ဗိုလ်လောင်းသင်တန်းဆင်းအခမ်းအနားနဲ့ တိုက်ခိုက်ရေးကျောင်းသို့ သွားရောက်စဉ် အရာရှိတွေနဲ့ သင်တန်းသားတွေကို ပြောကြားခဲ့တာပါ။
ရွေးကောက်ပွဲတစ်ရပ်ကို မဖြစ်မနေ ဖော်ဆောင်ပေးရမှာဖြစ်လို့ အောင်မြင်စွာကျင်းပနိုင်ရေးအ တွက် နိုင်ငံအတွင်း လုံခြုံရေးနဲ့တည်ငြိမ်ရေးပိုမိုရရှိဖို့ လိုအပ်တာကြောင့် အတတ်နိုင်ဆုံး ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
လက်နက်ကိုင်အဖွဲ့တွေရဲ့ နယ်မြေချဲ့ထွင်ရေး တိုက်ပွဲဖော်ဆောင်လာမှုတွေကို စစ်တပ်အနေနဲ့ တည် ငြိမ်ရေးကိုလိုလားတဲ့ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး တရားသောစစ်ကို ဆက်လက်ဆင်နွှဲသွားမယ်လို့ ပြောပါတယ်။
ဒါကြောင့် တာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးကို ရောက်ရှိနေကြတဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ နယ် မြေဒေသအတွင်း လုံခြုံရေးနဲ့ စစ်ဆင်ရေးတာဝန်တွေကို လူထုနဲ့ပူးပေါင်းပြီး ထမ်းဆောင်သွားကြဖို့ တိုက်တွန်းထားတာပါ။
လေတပ်ကနေ CDM ပြုလုပ်ခဲ့တဲ့ တပ်ကြပ်ကြီး ဇေယျက လက်ရှိတော်လှန်ရေးမှာ စစ်ကောင်စီကို အထိနာအောင် လုပ်နိုင်တာဟာ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေဖြစ်လို့ အဲဒီကအဖွဲ့တချို့နဲ့ အပစ်ခတ်ရပ်စဲနိုင်ရင် ကျန်တဲ့နေရာတွေကို ဖိတိုက်နိုင်တယ်လို့ သုံးသပ်ပါတယ်။
“ဒီနေရာမှာ KIA ကို ခဏထားပြီး AA အပါအဝင် ကျန်တဲ့ နှစ်ဖွဲ့ MNDAA နဲ့ TNLA တို့ သုံးဖွဲနဲ့သာ သူ (စကစ) အပစ်ခတ်ရပ်စဲရေး စကားပြောပြီးသွားပြီဆိုလို့ရှိရင် ကျန်တဲ့နေရာတွေကို သူဖိပြီးတော့ တိုက်လို့ရသွားတဲ့ ပုံစံမျိုးဖြစ်သွားမယ်။ ဒီအတွက်လည်း ဒီစကားပြောတာလို့ ထင်တယ်။ အ ကယ်၍ ဒီအဖွဲ့တွေနဲ့သာ အပစ်ရပ်မလုပ်ရသေးဘူးဆိုရင်တော့ ဒီဘက်ကလည်း (တော်လှန်ရေးအ ဖွဲ့တွေ) ပိုပြီးစစ်ရေးအရှိန်မြှင့်မယ်ဆိုရင်တော့ သူ့အတွက် မင်းအောင်လှိုင်ဘက်က ထိုးစစ်ကို လုပ်နိုင်မှာ မဟုတ်ဘူး။ သူခံစစ်ကိုပဲ မနည်းကျားကန်ပြီး လုပ်ရမယ့် အနေအထားရှိတယ်”လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်းတွေနဲ့ အင်အားပြန်ဖြည့်ထားပေမယ့် မြေပြင်ထိုးစစ်ထက် ဝေဟင်ကနေ နည်းမျိုးစုံဖိအားပေးပြီး ခုခံစစ်ကိုပဲ လုပ်သွားဖို့ အလားလာရှိတယ်လို့ သူက ဆက်ပြောပါတယ်။
မြန်မာ့အရေးမှာ ကြားဝင်ညှိနှိုင်းနေတဲ့ တရုတ်အစိုးရရဲ့ စီစဉ်ပေးမှုအရ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ကိုးကန့်တပ် MNDAA နဲ့ စစ်ကောင်စီတို့ကြား အပစ်ခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးထားတယ်လို့ တရုတ်ဘက်က ထုတ်ပြောထားတာပါ။
ဆက်လက်ပြီး တအာင်းတပ် TNLA နဲ့ စစ်ကောင်စီတို့ကြား အပစ်ခတ်ရပ်စဲနိုင်ရေး ဖေဖော်ဝါရီ ၁၆ နဲ့ ၁၇ ရက်နေ့တို့မှာ တရုတ်အစီအစဉ်နဲ့ နှစ်ဘက်ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ကြပေမယ့် သဘော တူညီချက်မရဘဲ ဆွေးနွေးပွဲ ပြီးဆုံးသွားခဲ့ပါတယ်။
ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမှာရှိတဲ့ စစ်တပ်ရဲ့ အချက်အခြာကျတဲ့ တပ်ရင်းတွေကို ထိုးစစ်ဆင်နေတဲ့ အာရက္ခတပ်တော် AA ကတော့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကြေညာထားပေမယ့် လောဆယ်မှာ စစ်ကောင်စီနဲ့ မတွေ့ဆုံရသေးပါဘူး။
ဒေသခံတွေနဲ့ ပူးပေါင်းပြီး တရားသောစစ်ကို ဆင်နွှဲမယ်ဆိုတဲ့ ပြောဆိုမှုကလည်း စစ်ကောင်စီနဲ့ ပူး ပေါင်းနေတဲ့ ပအိုဝ်းပြည်သူ့စစ်တွေ ရှမ်းနီတပ်တွေအပြင် အခြားပြည်သူ့စစ်အဖွဲ့တွေကို ရည်ရွယ်တာလို့ ကိုဇေယျက ထောက်ပြပါတယ်။
စစ်ခေါင်းဆောင်ကတော့ လက်နက်ကိုင်အဖွဲ့တချို့ဟာ NUG၊ CRPH၊ PDF တွေနဲ့ပေါင်းပြီး ပြည်သူတွေကို အကြောက်တရားလွှမ်းမိုးစေရေးနဲ့ နယ်မြေတွေ ချဲ့ထွင်နိုင်ရေးအတွက် နိုင်ငံရေးအကြောင်း ပြပြီး လက်နက်ကိုင်နေတာလို့ ဆိုပါတယ်။
လက်နက်ကိုင်လမ်းစဉ်ကျင့်သုံးနေတဲ့ တော်လှန်ရေးအဖွဲ့တွေဟာ ထာဝရငြိမ်းချမ်းရေးရရှိပြီး ပြည် ထောင်စုနဲ့အတူ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းရေးထက် နယ်မြေအလိုက် အာ ဏာရရှိရေးအတွက် လုပ်ဆောင်နေကြတာလို့ စွပ်စွဲပါတယ်။
ဒါ့အပြင် စစ်တပ်က ဆင်နွှဲနေတဲ့ စစ်အပေါ် တည်ငြိမ်ရေးကို လိုလားတဲ့ လူထုတစ်ရပ်လုံးက ဝန်းရံအားပေးနေသလို တော်လှန်ရေးအဖွဲ့တွေကို အမြစ်ဖြတ်ချေမှုန်းရေးအတွက် ပြည်သူနဲ့ စစ်ကောင်စီတို့ အတူတကွ လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားတာပါ။
တောင်ပိုင်းအခြေစိုက် ရာမညစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသီရိမွန်ချမ်းက အပြစ်မဲ့ပြည်သူတွေကို အကြောက်တရားလွှမ်းမိုးအောင်လုပ်နေတာ ဘယ်သူလဲဆိုတာ ပြည်သူတွေ အသိဆုံးပဲလို့ တုံ့ပြန်ပါတယ်။
“ပကတိမြေပြင်မှာ ဖြစ်ပေါ်တိုးတက်နေတဲ့ နိုင်ငံရေး စစ်ရေးအခြေအနေ အရပ်ရပ်ကို ပြည်သူတွေ အသိဆုံးပါ။ အပြစ်မဲ့ ပြည်သူတွေ အကြောက်တရား လွှမ်းမိုးအောင် မြို့ရွာတွေကို ဗုံးကြဲမီးရှို့သတ် ဖြတ်နေတာ ဘယ်သူလဲဆိုတာ ပြည်သူတွေ မျက်ဝါးထင်ထင် နေ့စဉ်နဲ့အမျှ တွေ့ကြုံနေကြရတာပါ။ နောက်ပြီး စကစခေါင်းဆောင်က ပြည်သူတွေနဲ့ ပူးပေါင်းပြီး တော်လှန်ရေးအဖွဲ့တွေကို ပြန် လည်စစ်ဆင်မယ်ဆိုတာကလည်း အဓိပ္ပာယ်မရှိပါဘူး” လို့ ဆိုပါတယ်။
မြေပြင်မှာလည်း ပြည်သူတွေရဲ့ ပူးပေါင်းမှုမရှိလို့ စစ်အာဏာရှင်စနစ်ကို တိုက်ရိုက်ဖြစ်စေ သွယ် ဝိုက်ဖြစ်စေ ဆန့်ကျင်နေကြတာကြောင့် တိုက်ပွဲတိုင်းလိုလိုမှာ စစ်ကောင်စီက နယ်မြေတွေ ဆုံးရှုံးနေရတာလို့ သူက ထောက်ပြပါတယ်။
စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးတိုက်ပွဲအတွင်း မြို့ပေါင်း ၉၅ မြို့အထိ စစ်ကောင်စီ လက်လွှတ်ခဲ့ရသလို တိုင်းစစ်ဌာနချုပ်နှစ်ခု ကျဆုံးမှုကလည်း စစ်တပ်သမိုင်းကို တဆစ်ချိုးပြောင်းလဲပေး လိုက်တာ ဖြစ်ပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာအရ တစ်နိုင်ငံလုံးရှိမြို့နယ်အားလုံးရဲ့ ၅၅ ရာခိုင်နှုန်းကို စစ်ကောင်စီ လက်လွှတ်ထားရပြီး ကျန်တဲ့ ၂၄ ရာခိုင်နှုန်းမှာ တိုက်ပွဲဖြစ်နေတာမို့ စစ်ကောင်စီအနေနဲ့ ၃၂ ရာခိုင်နှုန်းသာ စိုးမိုးအုပ်ချုပ်နိုင်တော့တာပါ။
လက်ရှိမှာလည်း နိုင်ငံအနှံ့ တိုက်ပွဲတွေ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအနေနဲ့ ဒေသအလိုက် လက် နက်ကိုင်ပဋိပက္ခတွေ ချူပ်ငြိမ်းမှသာ လွတ်လပ်မျှတမှုအပြည့်ရှိတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်မယ်လို့ ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI