အမှန်/အမှား

++++++++

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့“ရခိုင်ပြည်နယ် မေယုခရိုင်မှာ ရိုဟင်ဂျာတွေကို အေအေက လူကုန်ကူးနေတယ်”ဆိုပြီး စစ်ကောင်စီဘက်က ဓာတ်ပုံအဟောင်းတွေ အသုံးပြုကာ သတင်းအမှားဖြန့်ချိနေတဲ့ အ ကြောင်းကို စိစစ်ပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီတပ်လော်ဘီ မှိုင်းဝေတယ်လီဂရမ်ချန်နယ်နဲ့ ဝါဒဖြန့် ARF BURMESE လူမှုကွန်ရက်စတဲ့ ချန်နယ်တွေကနေ ဝါဒဖြန့် သတင်းအမှားတွေကို ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလရက်လအတွင်း ဆက်တိုက်ဆိုသလို ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ ထိုင်းနဲ့ မလေးရှားနယ်စပ် ဆုံခလာခရိုင်အတွင်းက ရော်ဘာတောထဲမှာ လူကုန်ကူးခံရတဲ့ ရိုဟင်ဂျာ ၉ ဦးကို ထပ်မံတွေရှိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေရဲ့ သတင်းထုတ်ပြန်ချက်ကို ပြီးခဲ့တဲ့၂၀၁၉ သြဂုတ်လ ၂၃ ရက်နေ့က လွတ်လပ်သောသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

မလေးရှားနဲ့နယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်းက ဆုံခလာခရိုင်ထဲမှာ ဧပြီလကစပြီး လူကုန်ကူးသူတွေ ခေါ်လာတဲ့ ဖမ်းဆီးနေတာဟာ အခုဆိုရင် ဆုံခလာခရိုင်ထဲက အချုပ်စခန်းတွေထဲမှာ လူဦးရေ ၂,၀၀၀ လောက် ရှိနေပြီဖြစ်ကြောင်း အလုပ်သမားရေး ဆောင်ရွက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက်၊ ဆုံခလာခရိုင်၊ ဟတ်ရိုင်မြို့ တာဝန်ခံ ဦးဘရီရဲ့ ဖြေကြားချက်နဲ့အတူ ဓာတ်ပုံမှတ်တမ်းတွေကိုလည်း VOA သတင်းဌာနက ၂၀၁၉ ခုနှစ် ဩဂုတ်လက ဖော်ပြထားပါတယ်။

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ဂွ-ငါးသိုင်းချောင်းလမ်းအတိုင်း မောင်းလာတဲ့ ကားတစ်စီးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ် အဖမ်းမခံဘဲ ထွက်ပြေးတဲ့အတွက် ရိုဟင်ဂျာ ၂၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးရာ ကားပေါ်က အမျိုးသမီး ၁ ဦးပြုတ်ကျသေဆုံးခဲ့တယ်လို့ BNIသတင်းဌာနမှာလည်း ၂၀၂၂ခုနှစ် ဩဂုတ်လက ဓာတ်ပုံမှတ်တမ်းများနဲ့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် ကျောက်တော်ကနေ ရန်ကုန်ကို သွားကြမယ့် မွတ်ဆလင် ၁၂ ဦးကို ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင် ၁၃၄ မိုင် အကျော်မှာ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီအမြန်လမ်းရဲတပ်ဖွဲ့သတင်းထုတ်ပြန်တာကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့မှာ BBC သတင်းဌာနက ဓာတ်ပုံမှတ်တမ်းတွေနဲ့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်လော်ဘီတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံတွေ အားလုံးဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလနဲ့ ၂၀၂၂ခုနှစ် ဩဂုတ်က လွတ်လပ်သောသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ ဓာတ်ပုံများဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

BNI သတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://shorturl.at/MNUWx

VOA သတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://shorturl.at/Jtpvm

BBC သတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://shorturl.at/herqJ

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာ၏တွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှား ဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.