ရေး၊ ဖေဖော်ဝါရီ ၈
မွန်ပြည်နယ် ရေးမြို့ရှိ ရေးမြို့မရဲစခန်းမှာ ပစ်ခတ်မှုဖြစ်ပြီးနောက် အချုပ်ကျနေသူတွေကို ဧည့်တွေ့ခွင့်နဲ့ အစားသောက်ပို့ခွင့် ရက်အကန့်အသတ်မရှိဘဲ ပိတ်ပင်ထားတယ်လို့ ရဲစခန်းနဲ့နီးစပ်သူတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က ရေးမြို့မရဲစခန်းမှာ အချုပ်ခန်းထမင်းပုံး လာပို့ချိန် အချုပ်သားတွေက ရဲတပ်ဖွဲ့ဆီကနေ သေနတ်လုယက် ပစ်ခတ်ထွက်ပြေးမှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေအပြင် အ ချုပ်သားတွေပါ ထိခိုက်သေဆုံးခဲ့ပါတယ်။
အဲဒီဖြစ်စဉ်ပြီးနောက် ရဲစခန်းက အချုပ်သားမိသားစုဝင်တွေရဲ့ ဧည့်တွေ့ခွင့်၊ အစားအသောက်နဲ့ ဆေးဝါးပေးပို့မှုကအစ ပိတ်ပင်လိုက်တာပါ။
ဧည့်တွေ့ခွင့်ပိတ်ပင်လိုက်တာကြောင့် မိသားစုဝင်တွေက အချုပ်ကျနေသူတွေရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေတာပါ။
ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း ပစ်ခတ်မှုအတွင်းပါဝင်တယ်လို့ သံသယရှိသူတွေအပြင် အကြမ်းဖက်ပုဒ်မနဲ့ အမှုရင်ဆိုင်နေရသူတွေကို စစ်ကောင်စီတပ် စစ်ကြောရေးထံ ပြောင်းရွှေ့ထားတယ်လို့ ရဲ စခန်းနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရေးမြို့ရဲစခန်းပစ်ခတ်မှုမှာ ဒုရဲအုပ် နိုင်လွင်ဦး၊ ရဲတပ်ကြပ် မြင့်ထွန်း၊ ရဲတပ်သားကျော်စွာထက်နဲ့ အချုပ်သားတစ်ဦး သေဆုံးခဲ့ပြီး ပြန်လည်ဖမ်းဆီးခံရတဲ့ အချုပ်သား ခုနှစ်ဦးကိုတော့ စစ်ကောင်စီဘက်က ပစ်သတ်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
ရေးမြို့မရဲစခန်းအချုပ်အတွင်း နိုင်ငံရေးပုဒ်မ၊ အကြမ်းဖက်ပုဒ်မတွေအပါအဝင် အခြားအမှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့ အချုပ်သား ၁၀၀ နီးပါး ရှိတယ်လို့ ရဲစခန်းနဲ့နီးစပ်သူတွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ