မော်လမြိုင် ၊ ဖေဖော်ဝါရီ ၇
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်တွဲလုပ်ဆောင်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို ထိထိရောက်ရောက် ပံ့ပိုးကူညီဖို့ နိုင်ငံတကာအသိုက်အဝိုင်းကို ပြည်ထောင်စုလွှတ်တော် CRPH က တောင်းဆိုလိုက်ပါတယ်။
စုံလင်ကွဲပြားတဲ့ လူမျိုးတွေရဲ့ သရုပ်လက္ခဏာ (Identity) တွေကို ကာကွယ်မြှင့်တင်ပေးတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတွေ အပြည့်အဝရှိတဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေနဲ့ စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုလို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၅ ရက်နဲ့ ၆ ရက်နေ့တို့မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ် အစည်းအဝေး ဒုတိယနေ့မှာ အပြုသဘောဆောင်တဲ့ တိုက်တွန်းချက်တွေနဲ့အတူ စစ်အုပ်စုကို ကန့်ကွက်ရှုတ်ချထားတဲ့ အချက် ၈ ချက်ကို အတည်ပြုထုတ်ပြန်တာပါ။
အတိတ်ကာလနဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ နိုင်ငံရေးပြဿနာအရပ်ရပ်ဟာ စစ်တပ်က နိုင်ငံရေးမှာ အစဉ်တစိုက်ပါဝင်နေခြင်းကြောင့်ဖြစ်ပြီး လက်ရှိမှာလည်း စစ်အုပ်စုက ဥပဒေမဲ့ အာဏာသိမ်းယူထားတဲ့ အကြမ်းဖက်အဖွဲ့ အစည်း တစ်ရပ်သာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စု ကျင်းပမယ့် ရွေးကောက်ပွဲဟာ တိုင်းပြည်အာဏာကို ဆက်လက်ထိန်းချုပ်ထားနိုင်ရေး ကြိုးပမ်းချက်သာဖြစ်လို့ ပြည်တွင်းစစ်မီးကို ပိုမို ရှည်ကြာစေမှာဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ ပိုမိုအလှမ်းဝေးစေဖို့သာ ဦးတည်စေတယ်လို့ ဖော်ပြပါတယ်။
ဒါကြောင့် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကြိုးပမ်းမှုအပါအဝင် ဘယ်ကြိုးပမ်းချက်ကို မဆို ဆက်လက် ကန့်ကွက်ရှုတ်ချတယ်လို့ ပြည်ထောင်စုလွှတ်တော်က သဘောထားထုတ်ပြန်ထားတာပါ။
အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုအပါအဝင် ဆက်လက်ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ လူငယ်တွေကို ဥပဒေမဲ့ ဖမ်းဆီးပြီး စစ်မှုထမ်းစေဖို့ အတင်းအကြပ် လုပ်ဆောင်နေတာတွေကိုလည်း အပြင်းအထန် ကန့်ကွက်ရှုတ်ချထားပါတယ်။
နိုင်ငံတကာကိုလည်း စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးအပြစ်ပေးနိုင်ရေး ပူးပေါင်းပေးကြဖို့နဲ့ စစ်အုပ်စုထံ လေယာဉ်ဆီ တင်ပို့ရောင်းချမှု ပိတ်ဆို့ခြင်းအပါအဝင် အရေးယူဒဏ်ခတ်မှုတွေ တိုးမြှင့်ချမှတ်ပေးဖို့ တောင်းဆိုတာပါ။
ဒါ့အပြင် ပဋိပက္ခအတွင်း မတရားကျူးလွန်ခံခဲ့ကြရသူတွေအတွက် တရားမျှတမှုရရှိရေး ဖော်ဆောင်မှုလုပ်ငန်းစဉ်တွေကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြဖို့ကိုလည်း ထပ်မံတောင်းဆိုထားပါတယ်။
မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် စစ်အုပ်စုအပေါ် ဆက်လက်ဖိအားပေးလုပ်ဆောင်ဖို့ကိုလည်း နိုင်ငံတကာအသိုက်အဝိုင်းကို တိုက်တွန်းထားတာ တွေ့ရပါတယ်။
တစ်ဘက်မှာ စစ်တပ်ရဲ့ မတရားဖမ်းဆီးမှုတွေ၊ သတ်ဖြတ်မှုတွေ၊နေအိမ်မီးရှို့မှုတွေနဲ့ လေကြောင်းဗုံးကြဲမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ပြည်တွင်း၊ ပြည်ပ ဒုက္ခသည်တွေကို လူသားချင်းစာနာမှု အကူအညီတွေ တိုးမြှင့်ပေးအပ်နိုင်ရေး နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းတွေကိုပါ တောင်းဆိုထားတာပါ။
ဖက်ဒရယ်နဲ့ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအပါအဝင် တော်လှန်ရေးအင်အားစုတွေအကြား ယုံကြည်မှု တည်ဆောက်ခြင်း၊ ညှိနှိုင်းခြင်းနဲ့ ပူးပေါင်းမှုတိုးမြှင့်ခြင်း လုပ်ငန်းစဉ်တွေအပေါ် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ထိထိရောက်ရောက် ပံ့ပိုးကူညီပေးဖို့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -SOF