နေပြည်တော် ၊ ဖေဖော်ဝါရီ ၇

လျှပ်စစ်မီးအပြည့်အဝ မပေးနိုင်တာကြောင့် အသေးစား၊ အငယ်စားနဲ့ အလတ်စား MSME လုပ် ငန်းရှင်တွေအနေနဲ့ ဆိုလာစနစ်တပ်ဆင်ပြီး အလုပ်လုပ်ကြဖို့ အာဏာသိမ်းဒုစစ်ခေါင်းဆောင် ဒုတိ ယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။

ဖေဖော်ဝါရီ ၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ ပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ လုပ်ငန်းရှင်တွေ တင်ပြတဲ့ လျှပ်စစ်မီးရရှိရေးနဲ့ ပတ်သက်ပြီး ဒုစစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။

ဒုစစ်ခေါင်းဆောင်က ဆိုလာစနစ် တပ်ဆင်အသုံးပြုခြင်းဖြင့် တစ်ပိုင်တစ်နိုင် လုပ်ငန်းအတွက် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲလို့ရမယ့်အပြင် ပိုလျှံတဲ့လျှပ်စစ်တွေကို နိုင်ငံအဆင့် မဟာဓာတ် အားလိုင်းထံ ရောင်းချနိုင်တယ်လို့ ဆိုပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရုံးမှာလည်း ၂၀ မဂ္ဂါဝပ်ရှိတဲ့ ဆိုလာဓာတ်အားပေးစနစ်ကို လွန်ခဲ့တဲ့ နှစ်နှစ်က တပ်ဆင်အသုံးပြုနေပြီး လာမယ့်တစ်နှစ်ခွဲအတွင်း အရင်းကျေကာလ ပြည့်မြောက်မှာဖြစ်တဲ့အတွက် ဆိုလာစနစ်အတွက် ကုန်ကျမယ့်ငွေဟာ နှစ်အနည်းငယ်အတွင်း အရင်းကျေနိုင်တယ်လို့ စစ်ဒုခေါင်းဆောင်က ပြောပါတယ်။

လုပ်ငန်းရှင်တစ်ဦးကတော့ MSME လုပ်ငန်းတွေဟာ အရင်ကထက် ၇၀ ရာခိုင်နှုန်းလောက်အထိ ပိုမိုရင်းနှီးမြှုပ်နှံနေရတဲ့အပြင် လုပ်ငန်းအသေးတွေအနေနဲ့ အခုလိုဆိုလာစနစ်အတွက်ထပ်ပြီး ရင်း နှီးမြှုပ်နှံဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

“ရိုးရိုးရှင်းရှင်းလေး ပြောရရင်တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ မွေးမြူရေးပဲလုပ်လုပ် စိုက်ပျိုးရေးပဲလုပ်လုပ် အခြေခံဖြစ်တဲ့ လျှပ်စစ်မီးတွေလိုမယ်။ အခြေခံသွင်းအားစုတွေဖြစ်တဲ့ ငွေကြေးအရင်း အနှီးတွေလိုမယ်။ အရင်းအနှီးတွေက အခုဆိုရင် ၇၀ ရာခိုင်နှုန်းလောက်အထိကို အရင်းအနှီးတွေ တိုးလာတယ်။ အသေးစားစက်မှု လုပ်ငန်းအသေးစား ထုတ်လုပ်မှုတွေက ဒီဆိုလာရင်းနှီးမြှုပ်နှံမှုက သူရဲ့ အဆ၂၀ လောက် ပိုသုံးရမယ်ဆို ဘယ်လိုမှမဖြစ်နိုင်ဘူး” လို့ ဆိုပါတယ်။

လုပ်ငန်းရှင် နောက်တစ်ဦးကလည်း ဆိုလာစနစ်ဟာ တစ်ပိုင်တစ်နိုင် လုပ်ငန်းငယ်တွေအတွက် ကုန် ကျစရိတ်များတာကြောင့် အဆင်မပြေနိုင်ဘူးလို့ ပြောပါတယ်။

စစ်ဒုခေါင်းဆောင်ကတော့ တစ်နိုင်ငံလုံးအနေနဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု မဂ္ဂါဝပ် ၆၃၀၀ ကျော်ရှိပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်နေတာ၊ အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် ထုတ်လုပ်မှုရပ်ဆိုင်းနေတဲ့ စက်ရုံတွေရှိတဲ့အတွက် လျှပ်စစ်ကိုအလှည့်ကျသာ ပေးနိုင်တယ်လို့ ဝန်ခံထားပါတယ်။

ဒါကြောင့် MSME လုပ်ငန်းရှင်တွေအနေနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရှိ စက်မှုဇုန်ရဲ့ မြေလွတ်နေရာတွေ၊ အခြားမြေလွတ်မြေရိုင်းနေရာတွေမှာ ဆိုလာစနစ်တပ်ဆင်ပြီး တစ်ပိုင်တစ် နိုင် လျှပ်စစ်ဓာတ်အားရရှိအောင် လုပ်ဆောင်ဖို့ စစ်ဒုခေါင်းဆောင်က လုပ်ငန်းရှင်တွေကို ပြောဆိုခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI/CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.