နေပြည်တော် ၊ ဖေဖော်ဝါရီ ၇

စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဖွဲ့စည်းပုံမှာ အီလက်ထရောနစ်မဲပေးစက် EVM ဌာနကို ထည့်သွင်းပြီး တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့တယ်လို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ထုတ် မြန်မာနိုင်ငံပြန်တမ်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးရဲ့ သဘောတူညီချက်အရ အရာထမ်းရာထူး ၆၂၇ နေရာ၊ အမှုထမ်းရာထူး ၁၉၈၁ နေရာ စုစုပေါင်းရာထူး ၂၆၀၈ နေရာနဲ့ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ဖွဲ့စည်းပုံမှာ ရွေးကောက်ပွဲခုံရုံးဌာနကို ဦးစီးအရာရှိရာထူး ၅ နေရာ၊ အမှုထမ်းရာထူး ၂၀ နေရာ ထပ်မံတိုးချဲ့ပြီး သုတေသနနဲ့ မှတ်တမ်းဌာန ကွပ်ကဲမှုအောက်မှာ မဲစာရင်းနဲ့ EVM ဆိုင်ရာဌာနခွဲကို အရာထမ်းနဲ့ အမှုထမ်းရာထူး ၂၈ နေရာကိုပါ ထည့်သွင်းတိုးချဲ့ခဲ့ပါတယ်။

အီလက်ထရောနစ်မဲပေးစက်နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းသားအရာရှိကြီးတွေကို ရှင်းလင်းပြသခြင်းနဲ့ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့ပါသေးတယ်။

၂၀၂၅ မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ထုတ်ပြောထားတဲ့ စစ်ခေါင်းဆောင်က လာမယ့်ရွေးကောက် ပွဲမှာ မဲမသမာမှု မရှိစေရေးအတွက် အီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုသွားမယ်လို့ ဖေဖော် ဝါရီ ၃ ရက်နေ့က ပြုလုပ်တဲ့ အစည်းအဝေးမှာ ထပ်ပြောထားတာပါ။

မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော်က စစ်ကောင်စီဟာ မဲမသမာမှုကြောင့် အာဏာသိမ်းရတဲ့အတွက် ရွေးကောက်ပွဲနဲ့ ကစားနေတာမို့ ဖြစ်နိုင်မှာမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“မီးမှပုံမှန်မလာဘဲ ဘယ်လိုလုပ် အီလက်ထရောနစ်နဲ့လုပ်မလဲ။ ပြီးတော့လူတွေက ဘယ်လိုလုပ်ပြီး ကျေးလက်တို့မှာ ဒီအီလက်ထရောနစ်စက်ကို တတ်ပါ့မလဲ။ ခင်ဗျားစဉ်းစားကြည့် အမေရိကားလိုနိုင်ငံမျိုးတောင် စကားကများနေတဲ့ကိစ္စကြီးကိုး။ သူတို့က ရွေးကောက်ပွဲနဲ့ ကစားနေတာဗျ။ စစ်ကောင်စီက သူတို့ ၂၀၂၁ အာဏာသိမ်းရတာဟာ ရွေးကောက်ပွဲ မဲမသမာမှုကြောင့် သူတို့ အာဏာ သိမ်းတာ။ ဒါကြောင့်မို့ သူတို့ကတရားမျှတတဲ့ ရွေး‌ကောက်ပွဲလုပ်ပြမယ်ဆိုပြီး အဲဒီဂိုက်တွေနဲ့ လုပ်နေတာ” လို့ ဆိုပါတယ်။

အာဏာသိမ်းမှုအတွင်း နိုင်ငံအနှံ့ တော်လှန်တိုက်ပွဲတွေမှာ ရှုံးနိမ့်မှုတွေ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက မြို့ ပေါင်း ၉၀ ကျော် လက်လွှတ်ခဲ့ရပေမယ့် ရွေးကောက်ပွဲကျင်းပရေး ကြိုတင်ပြင်ဆင်မှုတွေကို ဆက်တိုက်လုပ်ဆောင်လာနေတာပါ။

နိုင်ငံရေးပါတီတွေကိုလည်း လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်သွားဖို့နဲ့ မဲဆွယ်စည်းရုံးမှုတွေ ဆောင်ရွက်နိုင်ဖို့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးလိုအပ်မယ်လို့ စစ်ခေါင်းဆောင်က အစိုးရအဖွဲ့အ စည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲအောင်မြင်ဖို့ ပြင်ဆင်ရမယ့် ကိစ္စရပ်တွေကို စနစ်တကျတွက်ချက်ပြီး ဥပဒေတွေနဲ့အညီ ဆောင်ရွက်ရမယ်လို့ ညွန်ကြားထားပေမယ့် ကျင်းပမယ့်အချိန်ကာလအတိအကျနဲ့ သက်ဆိုင် ရာဥပဒေတွေကိုတော့ မကြေညာနိုင်သေးပါဘူး။

မွန်တိုးတက်ရေးပါတီ ခေါင်းဆောင်တစ်ဦးကတော့ မဲပေးစနစ်ဟာပြည်မနဲ့ ပြည်နယ်တွေမှာ ပုံစံနှစ်မျိုးရှိနိုင်ပြီး ပါတီတွေအမြင်က အခုနှစ်မှာ ရွေးကောက်ပွဲဖြစ်အောင် လုပ်သွားနိုင်တယ်လို့ ပြောပါတယ်။

“ကျွန်တော်မြင်တာကျ ရွေးကောက်ပွဲစနစ်ကို အကြမ်းမျဉ်းသိရသလောက်ကတော့ ပြည်မထဲမှာတော့ (EVM) စက်ခလုတ်နဲ့ သွားပြီး ပြည်နယ်တွေမှာတော့ အရင်အတိုင်းမဲပေးတဲ့ စနစ်နဲ့ (မဲလက် မှတ်စာရွက်) သွားမယ်လို့ ယူဆပါတယ်။၂၀၂၅ ရွေးကောက်ပွဲဖြစ်၏ မဖြစ်၏ကတော့ ပါတီတွေအမြင်က ဖြစ်အောင်လုပ်သွားမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆို ၇ လ ပိုင်းလောက်မှာ သက် တမ်းကုန်မယ်။ ပြီးလို့ရှိရင် ကာလုံကိုတာဝန်လွှဲမယ်။ ကာလုံကနေတဆင့် ရွေးကောက်ပွဲလုပ်ဖို့ အဖွဲ့တစ်ခု ကြားဖြတ်ဖြစ်ဖြစ် ဖွဲ့ပြီးတော့မှ နှစ်လသုံးလအတွင်းမှာတော့ ဖြစ်အောင်လုပ်သွားမယ်လို့ ယူဆပါတယ်” လို့ ဆိုပါတယ်။

ကော်မရှင်ဘက်က လာမယ့်ရွေးကောက်ပွဲမှာ အရင်ကျင့်သုံးနေကျ နိုင်သူအကုန်ယူစနစ် FPTP အပြင် PR လို့ ခေါ်တဲ့ အချိုးကျကိုယ်စားပြုစနစ်ကိုပါ အသုံးပြုသွားမှာဖြစ်လို့ မဲလက်မှတ်နဲ့ မဲထည့်တာအပြင် တချို့မဲဆန္ဒနယ်တွေမှာ အီလက်ထရောနစ်မဲပေးစက်နဲ့လည်း မဲပေးရမယ်လို့ ထုတ်ပြောထားတာပါ။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကတော့ စစ်ကောင်စီကျင်းပမယ့် ရွေး ကောက်ပွဲအပေါ် တိုက်ဖျက်သွားမယ်လို့ ဇန်နဝါရီ ၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ် တော် သတ္တမအကြိမ်အစည်းအဝေးမှာ တင်သွင်းတဲ့ အစီရင်ခံစာမှာ တင်ပြခဲ့ပါတယ်။

၂၀၂၅ ခုနှစ်အတွင်း ဆောင်ရွက်မယ့် မဟာဗျူဟာလုပ်ငန်းစဉ် ၅ ရပ်ထဲမှာ ထည့်သွင်းထားတာဖြစ်ပြီး ဘယ်လိုပုံစံနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို တိုက်ဖျက်သွားမယ်ဆိုတာ အသေးစိတ်ဖော်ပြထားခြင်း မရှိပါဘူး။

မဟာဗျူဟာလုပ်ငန်းစဉ် ၅ ရပ်ထဲမှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ဆက်လက်အသိအ မှတ်ပြုဖို့နဲ့ စစ်ကောင်စီကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲအပေါ် တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်သွားမယ်လို့ ဆိုထားတာပါ။

ဒါ့အပြင် နိုင်ငံတကာလွှတ်တော်အသိုက်အဝန်းနဲ့ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအ ပါအဝင် လွှတ်တော်လုပ်ငန်းတွေ ကော်မတီတွေရဲ့ လုပ်ငန်းတွေ ဆောင်ရွက်မှုနဲ့အမျိုးသားညီညွတ် ရေးအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း ထည့်သွင်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.