ရေး၊ ဖေဖော်ဝါရီ ၅

မွန်ပြည်နယ် ရေး-သံဖြူဇရပ်ပြည်ထောင်စုလမ်းပိုင်းမှာ စစ်ကောင်စီဘက်က အင်အားအများအ ပြားအသုံးပြုပြီး လုံခြုံရေးတိုးမြှင့်ထားတယ်လို့ ခရီးသွားတွေနဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ နောက်ဆုံးအပတ်ကစပြီး သံဖြူဇရပ်မြို့ကနေ ရေးမြို့သို့ သွားရာလမ်းတလျှောက်မှာ စစ်ဆေးရေးဂိတ်အသစ်တွေ တိုးချဲ့ထားပြီး ရှိရင်းစွဲ စစ်ဆေးရေးဂိတ်တွေမှာလည်း အင်အားထပ်မံဖြည့်တင်းထားတာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ အရင်က စစ်ဆေးရေးဂိတ်တစ်ခုမှာအင်အား ၁၀ ဦးကနေ အများဆုံး ၃၀ လောက်သာရှိပေမယ့် အခုနောက်ပိုင်းမှာ ဂိတ်တစ်ဂိတ်ကို အင်အား ၂၀ ကနေ ၅၀ နီးပါး ဖြည့်တင်းထားပါတယ်။

တစ်ဖက်မှာတော့ စစ်ကောင်စီတပ်ဟာ ရေး – သံဖြူဇရပ်လမ်းပိုင်းမှာ ရှောင်တခင်ဝင်ရောက်စစ် ဆေးမှုတွေ လုပ်ဆောင်နေပြီး ခရီးသွားတွေကို မှတ်ပုံတင်အပါအဝင် ဖုန်းတွေကအစ စစ်ဆေးမှုတွေ လုပ်ဆောင်နေတာပါ။

စစ်ကောင်စီရဲ့ လမ်းပိုင်းလုံခြုံရေးကို စစ်ကောင်စီတပ်နဲ့ရဲ အပြင် ကရင်နယ်ခြားစောင့်တပ် BGF ၊ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်နဲ့ ဌာနေပြည်သူ့စစ်အဖွဲ့တွေလည်း ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ရေး – သံဖြူဇရပ်လမ်းပိုင်းမှာ စစ်ကောင်စီဘက်က လုံခြုံရေးတိုးမြှင့်ပြီး မထင်ရင်မထင်သလို ပိတ် ဆို့စစ်ဆေးမှုတွေ လုပ်ဆောင်နေတဲ့အတွက် လမ်းခရီးကြန့်ကြာမှုတွေ ရှိနေတယ်လို့ ခရီးသွားတွေက ဆိုပါတယ်။

အရင်က ရေး – သံဖြူဇရပ်လမ်းပိုင်းမှာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ် ၁၀ ခုလောက်သာ ရှိနေပေမယ့် အခုနောက်ပိုင်းမှာတော့ စစ်ဆေးရေးဂိတ် ၂၀ ထက်မနည်း ရှိလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

တော်လှန်ရေးအင်အားစုအဖွဲ့တွေ စိုးမိုးထိန်းချုပ်ခဲ့တဲ့ ရေး – သံဖြူဇရပ်လမ်းပိုင်းကို ပြန်လည်ထိန်း ချုပ်နိုင်ရေးအတွက် စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကုန်ပိုင်းကတည်းက စတင်ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုအဖွဲ့တွေကတော့ ရေး – သံဖြူဇရပ်လမ်းပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တာကြောင့် မလိုအပ်ရင် ခရီးမသွားဖို့ သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.