နေပြည်တော် ၊ ဖေဖော်ဝါရီ ၅
စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအနေနဲ့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်သွားရမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
အရေးပေါ်သက်တမ်း ၆ လ တိုးယူပြီးနောက် ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ လုပ် ငန်းညှိနှိုင်းအစည်းအဝေးမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေးနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောကြားခဲ့တာပါ။
မဲဆွယ်စည်းရုံးမှုတွေ ဆောင်ရွက်နိုင်ဖို့ လုံခြုံရေးနဲ့တည်ငြိမ်ရေး လိုအပ်မှာဖြစ်ပြီး စစ်ကောင်စီဘက်က ရွေးကောက်ပွဲအောင်မြင်မှုရှိစေဖို့ ပြင်ဆင်ရမယ့် ကိစ္စရပ်တွေကို ဥပဒေတွေနဲ့အညီ ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က နယ်မြေအကန့်အသတ်တွေရှိနေတာမို့ ပါတီဝင်တွေရဲ့ လုံခြုံရေးကို တာဝန်မခံနိုင်တဲ့အနေအထားမှာ ဟန်ပြအဖြစ် ပြောဆိုစည်းရုံးနေတာလို့ သုံးသပ်ပါတယ်။
“ဘယ်လိုမှ လုပ်နိုင်စရာ အခြေအနေမရှိပါဘူးခင်ဗျာ။ ဘာလို့ဆိုတော့ လုံခြုံရေးမှာ သူတို့တာဝန်မခံနိုင်တဲ့အနေအထားအောက်မှာ ပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးဖို့ကိစ္စ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ သူ့စစ်တပ်တောင်မှ စစ်စခန်းထဲကနေ အပြင်မထွက်နိုင်တဲ့ အခြေအနေမှာ သူကရွေးကောက်ပွဲ တ ကယ်လုပ်ဖို့အတွက် သူ့အနေနဲ့ ပြင်ဆင်မှုရှိတယ်ဆိုတာ ထုတ်ဖော်ပြောကြားချင်လို့သာ ဒီစကားကို ပြောဆိုစည်းရုံးနေတာ” လို့ ဆိုပါတယ်။
တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ၊ တာဝန်ရှိသူတွေအနေနဲ့ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေကို ကျယ်ပြန့်စွာ လေ့လာထားဖို့နဲ့ လွှတ်တော် ၃ ရပ်အတွက် ရွေးကောက်တင်မြှောက်မှုတွေကိုလည်း ဥပဒေနဲ့အညီ ဆောင်ရွက်သွားရမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
နိုင်ငံ့အာဏာကို သိမ်းယူပြီး တော်လှန်တိုက်ပွဲတွေ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက ၂၀၂၅ မှာ ရွေး ကောက်ပွဲကျင်းပမယ်လို့ မကြာခဏ ကြွေးကြော်လေ့ရှိပေမယ့် ကျင်းပမယ့် အချိန်ကာလအတိအ ကျကိုတော့ အခုအချိန်ထိ ကတိမပေးနိုင်ခဲ့ပါဘူး။
ဒါပေမယ့် နိုင်ငံရေးပါတီတွေကို မဲဆွယ်စည်းရုံးရေးအတွက် ပြင်ဆင်မှုတွေလုပ်ဖို့နဲ့ လွှတ်တော်တွေမှာ ရွေးကောက်တင်မြှောက်ရေးကိစ္စရပ်ကို မြို့ ပေါင်း ၉၀ ကျော် ဆုံးရှုံးပြီးချိန်ကျမှသာ ပြောဆိုလာတာပါ။
ပါတီမှတ်ပုံတင်ခွင့်ရထားတဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ မန်းအောင်ပြည်စိုးက ဘယ်လို လုံခြုံရေးအခြေအနေဖြစ်ဖြစ် ရွေးကောက်ပွဲဝင်ပြိုင်ရမှာဖြစ်လို့ လုပ်နိုင်တာတွေ လုပ်သွားမယ်လို့ ပြောပါတယ်။
“ဥပဒေအရ ကျွန်တော်တို့က ရွေးကောက်ပွဲဝင်ရမှာပဲ။ လုံခြုံရေးအခြေအနေ ကောင်းချင်လည်း ကောင်းမယ်၊ မကောင်းချင်လည်း မကောင်းဘူးပေါ့။ ဒါပေမယ့် ကျွန်တော်တို့ကတော့ သတ်မှတ်တဲ့ ဦးရေတော့ ဖြစ်အောင်ဝင်ရမှာပဲပေါ့။ ကျွန်တော်တို့ ပြည်နယ်အဆင့်ဆိုရင် အနည်းဆုံး ကိုယ်စား လှယ်လောင်း သုံးယောက်တော့ ဝင်ပြိုင်ရမယ်။ အဲဒီဟာလေးက ကျွန်တော်တို့ ဆောင်ရွက်ရမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် လုံခြုံရေးအခြေအနေပေးသလောက် လုပ်ချင်လည်းလုပ်မယ်၊ ရွေး ကောက်ပွဲမလုပ်နိုင်တဲ့ နေရာတွေလည်း ရှိကောင်းရှိမှာပေါ့။ ကျွန်တော်တို့ကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အစစအရာရာ လုံခြုံရေးအခြေအနေကြည့်ပြီး လုပ်နိုင်တာကို လုပ်သွားမယ်လို့ စီစဉ်ထားပါတယ်” လို့ ဆိုပါတယ်။
ပါတီအနေနဲ့ မသေချာမရေရာတဲ့ ရွေးကောက်ပွဲအပေါ် ကြိုတင်ပြင်ဆင်မှု အထိုက်အလျောက်လုပ်ထားပြီး ဖရိုဖရဲဖြစ်နေတဲ့ ပါတီဝင်တွေကိုလည်း ပြန်လည်စုစည်းတာတွေ လုပ်ဆောင်ထားတယ်လို့ သူက ဆက်ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီက တရုတ်ညှိနှိုင်းပေးမှုကြောင့် ကိုးကန့်တပ် MNDAA နဲ့ အပစ်ခတ်ရပ်စဲထားသလို ဆက်လက်ပြီး တအာင်းတပ် TNLA ၊ အာရက္ခတပ်တော် AA တို့နဲ့လည်း ဖေဖော်ဝါရီလအတွင်း ဆွေးနွေးဖို့ ရှိနေတာပါ။
ပြီးခဲ့တဲ့ ကာလုံအစည်းအဝေးမှာ စစ်ခေါင်းဆောင်က သူတို့ ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲအ ပေါ် နိုင်ငံတကာရဲ့ အားပေးထောက်ခံမှုတွေ ရရှိခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြောထားတာပါ။
ပြည်တွင်းပြည်ပက လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေလည်း စောင့်ကြည့်လေ့လာခွင့်ပြုဖို့ ဆွေးနွေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဘယ်နိုင်ငံတွေလည်းဆိုတာ ထုတ်မပြောပေမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တရုတ်နဲ့ ရုရှားနိုင်ငံတွေက ကူညီပေးသွားမယ်လို့ စစ်ကောင်စီဘက်က ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းက သတင်းထုတ်ပြန်ထားတာပါ။
တော်လှန်ရေးအင်အားစုတွေကတော့ စစ်အုပ်စုဟာ ရွေးကောက်ပွဲကျင်းပဖို့ အခွင့်အာဏာမရှိတဲ့အပြင် လက်ရှိ နိုင်ငံရေးအခြေအနေကလည်း ရွေးကောက်ပွဲကျင်းပနိုင်မယ့် အခြေအနေမဟုတ်ဘူးလို့ NUG နဲ့ CRPH အပါအဝင် အဖွဲ့ငါးဖွဲ့က ထောက်ပြပါတယ်။
ရွေးကောက်ပွဲကို အဓမ္မကျင်းပဖို့ ပြင်ဆင်နေတာက မြန်မာနိုင်ငံပြိုကွဲမှုကို ဦးတည်စေပြီး ပဋိပက္ခတွေသာ တိုးပွားလာစေတဲ့အပြင် ဒေသတွင်းမတည်ငြိမ်မှု ပိုပေါ်ပေါက်လာစေတာကြောင့် ရှောင် ကျဉ်ကြဖို့ နိုင်ငံတကာကို ပူးတွဲကြေညာချက်ထုတ်ပြီး တိုက်တွန်းထားတာပါ။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ပြောရေးဆိုခွင့်ရှိသူ ဦးစည်သူမောင်က တချို့နိုင်ငံတွေက မြန်မာ့အကျပ်အတည်းကို ရွေးကောက်ပွဲနဲ့ ဖြေရှင်းနိုင်မယ်လို့ ထင်နေကြပြီး စစ်အုပ်စုအတွက် နိုင်ငံရေးဝင်ပေါက်ဖြစ်သွားနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“နယ်စပ်မတည်မငြိမ်မှုတွေက ပိုပြီးတော့ တိုးလာနိုင်တယ်ဆိုတဲ့ အကျပ်အတည်းတွေ ပိုဖြစ်လာနိုင်တယ်ဆိုတာမျိုးကို နိုင်ငံတကာအသိုင်းအဝိုင်းကို ကျွန်တော်တို့က ရှောင်ကျဉ်ဖို့အတွက် တိုက်တွန်းတာပေါ့။ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို မထောက်ခံဖို့ပေါ့ဗျာ။ အဲဒီဟာမျိုးကို ကျွန်တော်တို့ အဓိကထောက်ပြတာ ဖြစ်တယ်။ တကယ်တော့ တချို့ နိုင်ငံတကာက မြင်နေတာကျ တချို့နိုင်ငံတွေပေါ့။ ဒါက မြန်မာနိုင်ငံရဲ့ လက်ရှိအကျပ်အတည်းကို ရွေးကောက်ပွဲနည်းနဲ့ ဖြေရှင်းနိုင်လိမ့်မယ်လို့ သူတို့တွေက ထင်နေကြတာပေါ့။ တကယ်တမ်းဒါက စစ်အုပ်စုရဲ့ နိုင်ငံရေးထွက်ပေါက်မဟုတ်ဘဲနဲ့ နိုင်ငံ ရေးဝင်ပေါက်ဖြစ်သွားနိုင်တယ်။ နိုင်ငံရေးဝင်ပေါက်ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန် လည်အသက်သွင်းတဲ့ ရွေးကောက်ပွဲအခင်းအကျင်းတစ်ရပ်ဖြစ်သွားနိုင်တယ်” လို့ ဆိုပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး အနာဂတ်မှာ စစ်တပ်ရဲ့ နိုင်ငံရေး ပါဝင်နေမှုကို အဆုံးသတ်ရေးအပါအဝင် နိုင်ငံရေးဦးတည်ချက် ၆ ရပ်ကို NUG နဲ့ CRPH အပါအဝင် အဖွဲ့ငါးဖွဲ့က ချမှတ်ထားတာပါ။
လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရရဲ့စီမံအုပ်ချုပ်မှုအောက်မှာ အပြည့်အဝထားရှိဖို့ ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီး တိုင်ဖျက်သိမ်းဖို့နဲ့ ပြန်သက်အသက်သွင်းဖို့ ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ဖို့ ပါဝင်ပါတယ်။
သက်ဆိုင်သူ အစုအဖွဲ့တွေအားလုံး လက်ခံနိုင်တဲ့ဖက်ဒရယ်နဲ့ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ဖွဲ့ စည်း ပုံ အခြေခံဥပဒေရေးဆွဲ ပြဌာန်းဖို့နဲ့ ထွက်ပေါ်လာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ် တည်ဆောက်ဖို့ ဖြစ်ပါတယ်။
ပဋိပက္ခအတွင်း လိင်နဲ့ ကျား၊မအပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေ အပါအဝင် မတရားကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုပြန်လည်ရရှိရေးနဲ့အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ဖော်ဆောင်ဖို့ ကြေညာချက်မှာ ထည်သွင်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media