မကွေး ဖေဖော်ဝါရီ ၄
မကွေးတိုင်း ပွင့်ဖြူမြို့နယ် ပုသိမ် – မုံရွာလမ်းပိုင်းရှိ မဲဇလီတံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးတယ်လို့ မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းမှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာမြင့်ချိန် ၁ နာရီကျော်မှာ ဘန်ကာ ၃ လုံးလုံး ပြိုတဲ့အထိတိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
“အဓိက ကတော့ အဲဒီစစ်ဆေးရေးဂိတ်ကို စီးနင်းနိုင်ဖို့ ကြိုးစားခဲ့တာပေါ့။ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူတွေကြောင့် ပြန်ဆုတ်ခဲ့ရပါတယ်။ စစ်ကောင်စီဘက်က ပစ်အားမရှိတော့တဲ့အချိန်မှာ လေကြောင်းနဲ့လက်နက်ကြီး ပစ်ကူခေါ်တာပါ” လို့ မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းရဲ့ သတင်းနဲ့ ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီ အင်အား ၁၃ ဦး ဝန်းကျင်ရှိတဲ့ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးအဖွဲ့တွေက ဘန်ကာနားထိကပ်နိုင်ခဲ့ကာ တိုက်ပွဲပြီးဆုံးချိန်မှာ စစ်ကောင်စီတပ်သား ၃ ဦးသာ မဲဇလီရဲစခန်းဘက် ပြန်သွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲ ဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူ ၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ တိုက်ခိုက်မှုကိုတော့ မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်း၊ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Column နဲ့ မင်းဘူးခရိုင် ပ.က.ဖ ဒရုန်းလက်ရုံးတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက မဲဇလီတံတားဝန်းကျင်ကို လုံခြုံရေးတင်းကြပ်ထားပြီး ဘေးပတ်လည်က ရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့သိရပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်ကလည်း အဲဒီစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ဖူးပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ လက်နက်ငယ်နဲ့ စစ်အသုံးဆောင်ပစ္စည်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်း