နေပြည်တော် ၊ ဖေဖော်ဝါရီ ၁

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ပြည်သူ့ကာကွယ်ရေးတပ် PDF တွေနဲ့ ပေါင်းပြီး တိုင်းနဲ့ ပြည်နယ် ၇ ခုမှာ တိုက်ခိုက်နေတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ပြောလာပါတယ်။

ဇန်နဝါရီ ၃၁ ရက်နေ့က ခေါ်ယူခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးမှာ အ‌ရေးပေါ်သက်တမ်း ၆ လ ထပ်မံတိုးမြှင့်ဖို့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို စစ်ခေါင်း ဆောင်က ထည့်သွင်းတင်ပြခဲ့တာပါ။

ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကချင်ပြည်နယ်မှာ PDF တွေနဲ့ ပေါင်းပြီး တရုတ်-မြန်မာနယ်စပ်၊ ဗန်းမော်အပြင် စစ်ကိုင်းအထက်ပိုင်း အင်းတော်ဒေသတို့မှာ PDF နဲ့ ပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။

အလားတူ ကရင်အမျိုးသားအစည်းအရုံး KNU က ကရင်ပြည်နယ် ကတိုင်တိ၊ မဲပလီ၊ အနန်းကွင်း၊ ကော့ကရိတ်ဒေသတွေနဲ့ ချင်းအမျိုးသားတပ်ဦး CNF ကလည်း ချင်းပြည်နယ် မင်းတပ်၊ ကန်ပက် လက်နဲ့ ဖလမ်းမြို့တို့မှာ PDF တွေနဲ့ ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။

အာရက္ခတပ်တော် AA ကတော့ PDF တွေနဲ့ ပေါင်းပြီး ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ မကွေး – ရခိုင်အစပ်၊ ပဲခူး – ရခိုင်အစပ်နဲ့ ဧရာဝတီ – ရခိုင်အစပ်ဒေသတွေမှာ တိုက်ခိုက်မှုတွေ ပြု လုပ်ခဲ့တယ်လို့ စစ်ခေါင်းဆောင်က အစည်းအဝေးမှာ ဝန်ခံသွားတာပါ။

ပြီးခဲ့တဲ့ ၆ လတာအတွင်း တိုက်ခိုက်မှုအမျိုးမျိုးကြောင့် နိုင်ငံဝန်ထမ်း ၃၈၃ ဦး သေဆုံးခဲ့ရပြီး ပညာ ရေး၊ ကျန်းမာရေးနဲ့ လူနေအဆောက်အဦးအပါအဝင် နိုင်ငံဖွံ့ဖြိုးရေးအဆောင်အဦး ၅၁၆ လုံး ဖျက် ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အ ရပ်သားပြည်သူတွေ အစုလိုက်အပြုံလိုက် သေပွဲဝင်ခဲ့ရတာတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေကိုတော့ စစ်ခေါင်းဆောင် နှုတ်ဆိတ်နေခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ အာဏာသိမ်း‌ လေးနှစ်အတွင်း စစ်အုပ်စုနဲ့ လက်ပါးစေတွေကြောင့် ပြည်သူပေါင်း ၆၂၀၀ ကျော် သေဆုံးခဲ့ရပြီး ၂၁၇၀၀ ကျော်ဟာ ချုပ်နှောင်ခံနေရဆဲဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ အာဏာသိမ်းလေးနှစ်အတွင်း ရှမ်းမြောက်နဲ့ ရခိုင်မှာရှိတဲ့ တိုင်းစစ်ဌာနချုပ် ၂ ခုအပါအဝင် တစ်နိုင်ငံလုံးရှိ အခြေစိုက်စခန်းပေါင်း ၁၇၄ ခုထက်မနည်း လက်လွှတ်ခဲ့ရတယ်လို့ ISP-Myanmar ရဲ့ အချက်အလက်တွေက ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI/AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.