ဘန်ကောက်၊ ဖေဖော်ဝါရီ ၁
မိခင်နိုင်ငံကို ပြန်လာဖို့ အာမခံကြေး ဘတ် ၅ သန်းနဲ့အတူ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာရဲ့ ပြည်ပသို့ ယာယီ ခရီးသွားလာခွင့် လျှောက်ထားမှုကို ထိုင်းရာဇဝတ်မှု တရားရုံးက ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂ ရက်ကနေ ၃ ရက်နေ့အထိ မလေးရှားကို သွားရောက်ဖို့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ခွင့်တောင်းမှုကို တရားရုံးက ဇန်နဝါရီ ၃၁ ရက်မှာ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ပြည်ပသို့ ခရီးသွားလာဖို့ လိုအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနဆီက စာရွက်စာတမ်းတွေကို ထောက်ခံရာမှာ သက်ဆင်က သူကိုယ်တိုင်နဲ့ နိုင်ငံခြားရေးဝန်ကြီး မာရစ် ဆမ်ဂီယမ်ပွန်ဆာကို သက်သေတွေအဖြစ် ထားရှိခဲ့တာ ဖြစ်ပါတယ်။ ပြည်ပက မိခင်နိုင်ငံသို့ ပြန်လာဖို့ အာမခံကြေးအဖြစ် ဘတ် ၅ သန်း ထားရှိဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
မိခင်နိုင်ငံဆီ ပြန်ရောက်လာပြီး သုံးရက်အတွင်း လူကိုယ်တိုင် သတင်းပို့ဖို့လည်း သက်ဆင်ကို တရားရုံးက ညွှန်ကြားထားပြီး မိခင် နိုင်ငံထဲ ပြန်ဝင်လာချိန်မှာ လူဝင်မှု ကြီးကြပ်ရေး ဌာနဆီ အသိပေးရမှာ ဖြစ်ပါတယ်။

သက်ဆင်ဟာ အခုနှစ် ဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ မလေးရှားမှာ ကျင်းပမယ့် အာဆီယံ အစည်းအဝေးသို့ တက်ရောက်မှာ ဖြစ်ကြောင်း သူ့ရဲ့ ရှေ့နေက ပြောကြားထားပါတယ်။
မလေးရှားဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်က သက်ဆင်ကို သူ့ရဲ့ အာဆီယံရေးရာ အလွတ်သဘောအကြံပေး အဖြစ် စောစောပိုင်းက ခန့်ထားခဲ့ပါတယ်။
ပြည်ပမှာ ၁၇ နှစ်ကြာ တိမ်းရှောင်နေခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်သြဂုတ်လက ထိုင်းနိုင်ငံသို့ ပြန်ရောက်လာပြီးနောက် ဇန်နဝါရီ ၃၁ ရက်က တရားရုံး ကြားနာမှုဟာ သက်ဆင်ရဲ့ ပထမဆုံး ပြည်ပသို့ ထွက်ခွာခွင့် လျှောက်ထားမှု ဖြစ်ပါတယ်။
ထိုင်းနိုင်ငံသို့ ပြန်လည် ခြေချတဲ့နေ့မှာပဲ သက်ဆင်ဟာ ထောင် ၈ နှစ် ချမှတ်ခံခဲ့ရပေမယ့် နောက်ပိုင်းမှာ နန်းတော်ရဲ့ ပြစ်ဒဏ် လျှော့ပေါ့ပေးမှုနဲ့ ၁ နှစ်အထိ လျော့ကျခဲ့ပါတယ်။
သူဟာ ထောင်ထဲမှာ လုံးဝ မနေခဲ့ရဘဲ ရဲဆေးရုံမှာပဲ နေခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီမှာ အာမခံနဲ့ ပြန်လွတ်လာခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ ထိုင်းဘုရင်က သူ့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာကြောင့် သူဟာ လျှော့ပေါ့ပြီးသား ပြစ်ဒဏ်မစေ့ခင် ရက်အနည်းငယ်အလိုမှာပဲ လွတ်မြောက်လာခဲ့တာပါ။
သူဟာ နန်းတော်ကို စော်ကားမှု၊ ကွန်ပြူတာ ရာဇဝတ်မှု စွဲချက်တွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပြီး ပြည်ပ ခရီးထွက်မယ်ဆိုရင် တရားရုံး ခွင့်ပြုချက် လိုအပ်ပါတယ်။
၂၀၁၅ ခုနှစ်က တောင်ကိုရီးယားမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအတွင်း သက်ဆင်ရဲ့ ပြောဆိုခဲ့မှုတွေနဲ့ ပတ်သက်ပြီး တရားရုံးက လာမယ့် ဇူလိုင်လမှာ ရုံးချိန်း ၇ ကြိမ်နဲ့ ကြားနာစစ်ဆေးဖို့ စီစဉ်ထားပါတယ်။
Ref:Bangkokpost