မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁
စစ်ကောင်စီ အပြီးတိုင်ကျဆုံးရေးအတွက် တွေဝေမှုမရှိဘဲ အတူတကွတိုက်ပွဲဝင်ဖို့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF နဲ့ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့က အာဏာသိမ်း လေးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်နိုင်ရေးအတွက် ဒေသအသီးသီးက တော်လှန်ရေးအစုအဖွဲ့တွေ ဟန်ချက်ညီညီ ပူးပေါင်းပါဝင် ချိတ်ဆက်ဆောင်ရွက်ဖို့ကိုလည်း ပူးတွဲကြေညာချက်မှာ တိုက်တွန်းထားတာပါ။
စစ်ကောင်စီ ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်တော်လှန်ဖို့ နဲ့ မွန်ဒေတွင်းရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။
အာဏာသိမ်းလေးနှစ်အတွင်း စစ်အုပ်စုနဲ့ သူတို့ရဲ့ လက်ပါးစေတွေကြောင့် မွန်ဒေသအတွင်း အရပ် သားပြည်သူ ၂၅၀ ကျော် သေဆုံးခဲ့ရပြီး မတရားဖမ်းဆီးခံရသူပေါင်း ၁၃၄၀ ကျော် ရှိခဲ့တယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။
လက်ရှိမှာ စစ်ကောင်စီက ခုခံတော်လှန်စစ်ကို နိုင်ငံအနှံ့ ရင်ဆိုင်နေရပြီး ထိန်းချုပ်နယ်မြေများစွာ စွန့်လွှတ်ခဲ့ရတဲ့အတွက် အသက်ဆက်နိုင်ဖို့ စစ်အင်အားဖြည့်တင်းကာ ပြဌာန်းထားတဲ့ မတရား စစ် မှုထမ်းဥပဒေနဲ့ လူငယ်တွေကို အတင်းအကျပ်စစ်မှုထမ်းစေခဲ့ပါတယ်။
လူ့အခွင့်အရေးကို နည်းလမ်းမျိုးစုံနဲ့ ချိုးဖောက်နေတဲ့ စစ်ကောင်စီရှိနေတဲ့ကာလပတ်လုံး ပြည်သူတွေရဲ့ လွတ်လပ်ခွင့်နဲ့ ကောင်းမွန်စွာ ရှင်သန်နိုင်ခွင့်ဟာ ခြိမ်းခြောက်ခံနေရမှာဖြစ်တယ်လို့ ကြေ ညာချက်မှာ အသိပေးထားတာပါ။
ဒါကြောင့် ပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည် ဆောက်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းကာ အောင်ပွဲရတဲ့အထိ အတူတကွ တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NRFF