ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ဖေဖော်ဝါရီ ၁ ရက်ကစလို့ ကနေဒါနဲ့ မက္ကစီကိုတို့ကို အခွန်၂၅ ရာခိုင်နှုန်းနဲ့ တရုတ်ကို အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံသွားမှာ ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောကြားလိုက်ပါတယ်။

ဒါပေမဲ့ သမ္မတ ထရန့်က ကနေဒါ ရေနံတွေအပေါ် အခွန် ၁၀ ရာခိုင်နှုန်းပဲ လျှော့ပြီး ကောက်ခံသွားမှာ ဖြစ်တယ်လို့ ဇန်ဝါရီ ၃၁ ရက်က ပြောကြားထားပါတယ်။

အမေရိကန်က အဲဒီ ၃ နိုင်ငံအပေါ် ပြဌာန်းလိုက်တဲ့ အခွန်တွေဟာ ဖေဖော်ဝါရီ ၁၈ ရက်မှာ စပြီး အသက်ဝင်မှာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂက အမေရိကန်ကို ကောင်းကောင်း မဆက်ဆံတဲ့အတွက် အီးယူကိုလည်း အနာဂတ်မှာ အခွန်တိုးကောက်သွားဖို့ စီစဉ်ထားကြောင်း သမ္မတ ထရန့်က ဆိုပါတယ်။

ကနေဒါနဲ့ မက္ကစီကိုတို့ကို အခွန် တိုးကောက်တာက အမေရိကန် နိုင်ငံသား သန်းပေါင်းများစွာ သေဆုံးနေရတဲ့ တရားမဝင် ဖန်တနိုင်း မူးယစ်ဆေးဝါး ဝင်ရောက်မှုကို မတားဆီးပေးတဲ့အတွက် ဖြစ်တယ်လို့ အိမ်ဖြူတော် ပြန်ကြားရေး အရာရှိ ကယ်ရိုလင်း လေဗစ်က ပြောပါတယ်။

အိမ်နီးချင်းတွေနဲ့ ကုန်သွယ်ရေး လိုငွေ ပြနေချိန်မှာ နယ်စပ်ကို ဖြတ်ကျော်ပြီး အမေရိကန်နိုင်ငံထဲ ဝင်ရောက်လာတဲ့ တရားမဝင် ရွှေ့ပြောင်း နေထိုင်သူတွေကြောင့် အခုလို အခွန် တိုးကောက်တာ ဖြစ်တယ်လို့ သမ္မတ ထရန့်က အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်ချိန်က တရုတ် ကုန်ပစ္စည်းတွေအပေါ် အခွန် ၆၀ ရာခိုင်နှုန်းအထိ ကောက်ခံသွားမယ်လို့ ထရန့်က ပြောကြားခဲ့ပေမယ့် သူ့ရဲ့ သမ္မတ သက်တမ်း ပထမဆုံးရက်မှာ လေသံလျှော့လိုက်ပြီး အဲဒီ ကိစ္စကို ပြန်သုံးသပ်သွားမယ်လို့ ပြောကြားခဲ့တာပါ။

ထရန့်က သူ့ရဲ့ ပထမဆုံး သမ္မတသက်တမ်း အတွင်းမှာလည်း တရုတ်ကို အခွန် တိုးကောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်နောက်ပိုင်း အမေရိကန်သို့ တရုတ် ကုန်စည်တွေ ဝင်ရောက်မှု လျော့ကျသွားခဲ့ပါတယ်။

သမ္မတ ထရန့် အိမ်ဖြူတော်သို့ ရောက်လာရင် ကမ္ဘာ့အကြီးမားဆုံး စီးပွားရေး နှစ်နိုင်ငံကြား ကုန်သွယ်ရေစစ်ပွဲ ဖြစ်လာနိုင်တယ်လို့ တရုတ် ထိပ်တန်းအရာရှိ တစ်ယောက်က ပြောကြားထားပြီး ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဝါဒမျိုး မထားရှိဖို့ ပြောဆိုခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်မြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ တရုတ် လက်ထောက်ဝန်ကြီးချုပ် တိန့်ရွှေရှင်းက အမေရိကန်နဲ့တရုတ်ကြား ကုန်သွယ်ရေး အငြင်းပွားမှုကို ဖြေရှင်းရာမှာ နှစ်နိုင်ငံစလုံး အကျိုးရှိတဲ့အဖြေ ဖြစ်သင့်ကြောင်းနဲ့ တရုတ်က အမေရိကန်သို့ ကုန်စည်တွေ ပိုပြီး တင်ပို့လိုကြောင်း ပြောကြားခဲ့ပါတယ်။

တရုတ်၊ ကနေဒါနဲ့ မက္ကစီကိုတို့ဟာ အမေရိကန်ရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံတွေ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က အမေရိကန် တင်သွင်းခဲ့တဲ့ ကုန်ပစ္စည်း စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းဟာ အဲဒီ ၃ နိုင်ငံက ကုန်ပစ္စည်းတွေ ဖြစ်ပါတယ်။

ကနေဒါနဲ့ မက္ကစီကိုက အမေရိကန်ရဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းပေးတဲ့ အနေနဲ့ သူတို့ရဲ့ နယ်စပ်တွေမှာ အစီအစဉ်အသစ်တွေ ချမှတ် ဆောင်ရွက်ထားပြီ ဖြစ်ပါတယ်။

အမေရိကန် ရေနံ သန့်စင်စက်ရုံတွေကို ဖြတ်သန်းသွားတဲ့ ရေနံစိမ်း စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းဟာ ပြည်ပက တင်သွင်းတာ ဖြစ်ပြီး အများစုကို ကနေဒါက တင်ပို့တာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.