မော်လမြိုင် ၊ ဇန်နဝါရီ ၁၇

မွန်ပြည်နယ်မှာ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးအောင်လုပ်ဖို့ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဇန်နဝါရီ ၁၄ ရက်နေ့က ပြည်နယ်အစိုးရရုံးမှာ ပြုလုပ်တဲ့ မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးအတွင်း ညွှန်ကြားလာပါတယ်။

ကျိုက်ထီးရိုးစေတီအပါအဝင် တန်ခိုးကြီးစေတီပုထိုးနဲ့ သာသနိကအဆောက်အဦတွေ၊ ခရီးသွားဒေသတွေမှာ ခရီးသွားဧည့်သည်တွေ ဝင်ရောက်လာနေတဲ့အတွက် ဘေးကင်းလုံခြုံအောင် လုပ်ဖို့နဲ့ ဒေသထွက် အစားအစာတွေကို အရည်းအသွေးကောင်းမွန်အောင် ထုတ်လုပ်ရောင်းချဖို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ခရီးစဉ်ဒေသတွေမှာ လမ်းညွှန်အမှတ်အသားတွေထားရှိဖို့နဲ့ ခရီးသွားကဏ္ဍ ဖွံ့ဖြိုး တိုး တက်မှ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေမှာ ဖြစ်တာကြောင့် ခရီးစဉ်တွေ ဝိုင်းဝန်းဖန်တီးပေးဖို့ ညွှန်ကြားခဲ့ပါသေးတယ်။

ဧည့်လမ်းညွှန်တစ်ဦးကတော့ မွန်ပြည်နယ်မှာ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးအောင်လုပ်မယ်လို့ ပြောပေမယ့် လွတ်လပ်စွာသွားလာလို့မရဘဲ နိုင်ငံခြားခရီးသွားတွေဆိုရင် ကာကွယ်ရေးဝန်ကြီးဌာနမှာ ခွင့် ပြုချက်တင်နေရတဲ့အတွက် အခက်အခဲများစွာရှိနေတယ်လို့ ပြောပါတယ်။

“နိုင်ငံခြားသားအတွက်ကို ပြောရမယ်ဆိုရင် သူတို့ကခွင့်ပြုချက်နဲ့လာနေရတယ်။ ခွင့်ပြုချက်ကျတော့ နှစ်ပတ်ကြိုတင်ပြီးတော့ ခွင့်တောင်းနေရတယ်။ ခွင့်ပြုချက်ကတော့ ကာကွယ်ရေးဝန်ကြီး ဌာနပေါ့။ ဘာအခက်အခဲတွေပေါ်လဲဆိုရင် အဆင့်ဆင့်ပေါ့နော်။ ကားသမားဖုန်းနံပါတ်တွေ၊ နောက်ဂိုက်ဖုန်းနံပါတ်တွေ၊ ဂိုက်ရဲ့ မှတ်ပုံတင်၊ လိုင်စင်နံပါတ်တွေ အဲဒီလိုအစအဆုံးကို ပြောပြီးတော့တင်ပေးရတယ်။ တခြားပြည်နယ်နဲ့တိုင်းမှာကတော့ ခွင့်ပြုချက်မလိုဘူး။ ဥပမာ ပုဂံသွားမယ်၊ မန္တလေးသွားမယ်ဆိုရင် နိုင်ငံခြားသားအတွက် ခွင့်ပြုချက်မလိုဘူး။ တချို့နိုင်ငံခြားသားက ရန်ကုန်ကနေ ကျိုက်ထီးရိုးပဲလာချင်တယ်။ အဲဒါကို ခွင့်ပြုချက်တင်ရတာပေါ့” လို့ ဆိုပါတယ်။

အရင်က မွန်ပြည်နယ်တွင်း နိုင်ငံခြားခရီးသွားဝင်ရောက်ပါက ဟိုတယ်နဲ့ ခရီးသွားဝန်ကြီးဌာနကိုသာ တင်ပြရပေမယ့် အခုကာကွယ်ရေးဝန်ကြီးဌာနကိုပါ တင်ပြရတာကြောင့် အချိန်ကြန့်ကြာမှု ရှိတဲ့အပြင် လွတ်လပ်စွာသွားလာလို့ မရဘဲ သူတို့ချပေးတဲ့ နေရာလောက်သာ သွားနေရတာကြောင့် ခရီးမတွင်ဘူးလို့ သူက ဆက်ပြောပါတယ်။

ခရီးသွား လာရာမှာလည်း စစ်ကောင်စီရဲ့ စစ်ဆေးမှုတင်းကျပ်တာ၊ ဂိတ်တွေမှာ ငွေကြေး အဆ မတန် ကောက်ခံတာ၊ လုံခြုံမှုမရှိတာ၊ ညမထွက် အမိန့်တွေအပြင် ဧည့်စာရင်းတိုင်ကြားရတဲ့ အ ခက်အခဲတွေကြောင့်လည်း ခရီးသွားကဏ္ဍ ဖွံ့ဖြိုးဖို့အတွက် အနှောင့်အယှက်ဖြစ်နေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ခရီးသွားကဏ္ဍ ဖွံ့ဖြိုးအောင်လုပ်ဆောင်ဖို့ ပြောဆိုနေပေမယ့် မြန်မာနိုင်ငံအပါအ ဝင် နိုင်ငံပေါင်း ၂၀ ကို ခရီးမသွားသင့်တဲ့ အနီရောင် အဆင့် ၄ ရှိတဲ့ နိုင်ငံအဖြစ် အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၉ ရက်နေ့မှာ သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.