ဘီးလင်း၊ ဇန်နဝါရီ ၁၇
မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ကျေးရွာပေါင်း ခြောက်ရွာထက်မနည်းက နွေစပါးစိုက်ဧက ၅၀၀ ကျော်ဟာ စစ်ကောင်စီဆည်မြောင်းဦးစီးဌာနဘက်က ရေမပေးတာကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောလာပါတယ်။
ရေရရှိရေးအတွက် ပြီးခဲ့တဲ့လတွေကတည်းက ဘီးလင်းမြို့နယ် ဆည်မြောင်းဝန်ကြီးဌာနလက် အောက် ရေအရင်းအမြစ်ဌာနဦးစီးမှူး ဦးချစ်ဦးထံ တစ်ဧကလျှင် ကျပ်တစ်သောင်းပေးနှုန်း ပေးဆောင်ခဲ့ရပါတယ်။
ရေ လွှတ်ပေးဖို့ တောင်သူတွေက ရေအရင်းအမြစ်ဌာနထံ အကြိမ်ကြိမ်သွားရောက် ပြောဆိုပေမယ့် ဦးစီးမှူးမရှိတာ၊ ရေတင်ဖို့ စက်ပျက်နေတာ၊ ဘယ်နေ့ပေးမယ်ဆိုပြီး အကြောင်းအမျိုးမျိုးပြခဲ့တယ်လို့ ဆိုကြပါတယ်။
လက်ရှိမှာတော့ ဆည်ရေမရတာကြောင့် မုသင်၊ နှင်းပုလဲ၊ အနိုင်းပွန်၊ သစ်တိုကျွန်း၊ တောင်ကလေး၊ ဇွဲကလာကျေးရွာတွေက နွေစပါးစိုက်ဧက ၅၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီး တောင်သူတွေ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
တောင်သူတွေရဲ့ ပြောပြချက်အရ ဆည်မြောင်းဦးစီးဌာနဘက်က စပါးအောင်တဲ့အထိ ရေပေးမယ်လို့ ကတိပြုခဲ့တဲ့အတွက် တောင်သူတွေဟာ မိုးတွင်းကာလမှာ ချောင်းပိတ်ပြီး မိုးရေစုဆောင်းကာ နွေစပါးစိုက်ပျိုးခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်က မြစ်ရေတင်စီမံကိန်းနဲ့ရေပေးဝေးမှုကြောင့် တောင်သူတွေ နွေစပါးစိုက်ပျိုးခဲ့ကြသလို ရေလုံလောက်စွာရရှိတာကြောင့် စပါးတွေအပျက်အစီးမရှိဘဲ အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်ဟာ စပါးစိုက်ပျိုးဧကပေါင်း ခုနှစ်သိန်း နီးပါး စိုက်ပျိုးတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး နှစ် စဉ် စပါးတင်းပေါင်း သိန်း ၄၃၀ ကျော် ထွက်ရှိတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ