မော်လမြိုင် ၊ ဇန်နဝါရီ ၁၇

တိုင်းရင်းသားမဟာမိတ်အဖွဲ့ တွေနဲ့ မဟာမိတ်ဆက်ဆံရေး ခိုင်မာအောင် တည်ဆောက်တဲ့နေရာမှာ လက်တွေ့ကျတဲ့ တပ်ပေါင်းစုဖြစ်ဖို့လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဇန်နဝါရီ ၁၄ ရက်နေ့မှာ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီ သမ္မတကထည့်သွင်းပြောကြားခဲ့တာပါ။

မဟာမိတ်အင်အားစုတွေထဲက ဦးဆောင်နိုင်မှု ထက်မြက်တဲ့လူပုဂ္ဂိုလ်တွေကို အစိုးရအဖွဲ့အတွင်းမှာ အားသစ်လောင်းပြီး တည်ဆဲအခြေအနေထက် ပိုမိုကျယ်ပြန့်တဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တွေကို ဆက်လက်အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

NUG ရဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း မဟာမိတ်တွေထဲမှာ ကရင်အမျိုးသားအစည်း အရုံး KNU ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၊ ချင်းအမျိုးသားတပ်ဦး CNF နဲ့ အခြားတိုင်းရင်းသား တော်လှန်ရေးအဖွဲ့တို့ ပါဝင်ပါတယ်။

ဒါ့အပြင် အင်အားကြီးတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ အာရက္ခတပ်တော် AA တို့ကိုလည်း စစ်ရေး၊ နိုင်ငံရေးအရ အပြည့်အဝပူးပေါင်းနိုင်ဖို့ မဟာမိတ်ဆက်ဆံရေး တိုးတက်ကောင်း မွန်အောင် ကြိုးပမ်းနေတာဖြစ်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပကဖတွေဟာ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ နယ်မြေတွေ လွတ်မြောက်ရေးအ တွက် ပြည်နယ်အားလုံးမှာ ပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့ ဇန်နဝါရီ ၄ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

နှစ်သစ်ကူးမိန့်ခွန်းမှာလည်း ၂၀၂၅ ခုနှစ်မှာ စစ်အုပ်စုကို အပြီးသတ်ဖယ်ရှားနိုင်ဖို့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ နိုင်ငံရေးအင်အားစုတွေအနေနဲ့ နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းမှုကို လက်တွေ့ပြသဖို့ အချိန်တန်ပြီလို့ ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။

ဒီအတွက် မဟာမိတ်ရေးရာကဏ္ဍကို အခုထက်ပိုပြီး အားစိုက်သွားမယ်လို့ အသိပေးခဲ့သလို နွေဦးတော်လှန်ရေးရဲ့ အဓိကမဏ္ဍိုင်ဟာ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ထူထောင်ရေးဖြစ်တယ်လို့ ထုတ်ပြောထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.