တနင်္သာရီ၊ ဇန်နဝါရီ ၁၆
တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့တစ်လအတွင်း နှစ်ဖက်တိုက်ပွဲတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ခြောက်သောင်းခွဲကျော်အထိရှိခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလပွင့်လင်းရာသီမှာ စစ်ကောင်စီတပ်ကကျေးရွာတွေအတွင်းရက်ရှည်စစ်ကြောင်း ထိုးလာတာကြောင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေအပြင် ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူတွေ ပိုများလာခဲ့တာပါ။
ထားဝယ်ခရိုင်အတွင်းက မြို့နယ်တွေမှာ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ခဲ့ရတဲ့ အရပ်သားပြည် ၂၅၉၀၀ ကျော်ရှိပြီး လောင်းလုံးမြို့တစ်ခုတည်းမှာ စစ်ကောင်စီရဲ့ ရက်ရှည်စစ်ကြောင်းထိုးမှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူ ၁၀၀၀၀ နီးပါး ရှိတယ်လို့ ဆိုပါတယ်။
မြိတ်ခရိုင်အတွင်းက မြို့နယ်တွေမှာလည်း စစ်ကောင်စီရဲ့ ရက်ရှည် စစ်ကြောင်းထိုးဝင်ရောက်မှုနဲ့အတူ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတွေကိုပါ လေကြောင်း၊ရေကြောင်းကနေ ပစ်ခတ်တိုက် ခိုက်ခံရတာကြောင့် နေရပ်စွန့်ခွာခဲ့ရသူ ၃၉၄၀၀ ကျော်ရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီထဲမှာ ပုလောစစ်ရှောင်စခန်းမှာ နေထိုင်သူ ၃၀၀၀ ဝန်းကျင်သာရှိပြီး ကျန်တဲ့စစ်ဘေးရှောင်တွေဟာ နီးစပ်ရာတောတောင်နဲ့ ဥယျာဉ်ခြံတွေမှာ အဆင်ပြေသလို ကိုယ့်နည်းကိုယ်ဟန်နဲ့ တိမ်းရှောင်နေကြရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့လအတွင်း ထားဝယ်မြို့နဲ့ ပုလောမြို့နယ်က နယ်မြေအချို့ကို စစ်ကောင်စီကပြန်လည် စစ် ကြောင်းထိုးလာတာကြောင့် အရင်က နေရပ်ပြန်ဝင်နေထိုင်သူတွေလည်း ထပ်မံစစ်ဘေးရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ကော့သောင်းခရိုင်မှာလည်း စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးရောက်လာပြီး အရပ်သားပြည်သူတွေ ဖမ်းဆီးမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၅၀၀ ဝန်းကျင် ရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ စခန်းတစ်ခုခု တိုက်ခိုက်ခံရပါက အနီးဝန်းကျင်ကျေးရွာတွေကို လက်နက် ကြီးပစ်ခတ်တာ၊ ဒေသခံတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာနဲ့ စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်ခဲ့တာကြောင့် စစ်ဘေးရှောင်ဦးရေဟာ လျော့ကျမလာဘဲ အရင်ကထက် များပြားလာတာ ဖြစ်ပါတယ်။
တနင်္သာရီတိုင်းရှိ စစ်ဘေးရှောင်အရေအတွက်ဟာ ကိန်းသေမရှိပဲ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးဝင်ရောက်တာနဲ့ တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေပေါ်မူတည်ပြီး အပြောင်းအလဲ အမြဲရှိနေပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ရက်ရှည်စစ်ကြောင်းထိုး ဝင်ရောက်လာပြီး အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ နေအိမ်မီးရှို့ဖျက်ဆီးမှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူ ၆၀၀၀၀ ကျော်အထိရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဒေါနတနင်္သာရီ