ဝါရှင်တန် ဇန်နဝါရီ ၁၅

အကျဉ်းသားများ လွတ်မြောက်ရေး သဘောတူညီမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ကျူးဘားနိုင်ငံကို အကြမ်းဖက်မှု အားပေးကူညီတဲ့ နိုင်ငံစာရင်းကနေ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်က ဖယ်ရှားပေးမှာဖြစ်ကြောင်း အိမ်ဖြူတော်က ဇန်နဝါရီ ၁၄ ရက်မှာ ပြောကြားလိုက်ပါတယ်။

အဲဒီလို ပြောဆိုမှု ထွက်ပေါ်လာပြီးနောက် အချိန်တိုအတွင်းမှာပဲ ကျူးဘားက ရာဇဝတ်မှု အမျိုးမျိုးအတွက် ဖမ်းဆီးထားတဲ့ အကျဉ်းသား ၅၅၃ ဦးကို လွှတ်ပေးလိုက်ကြောင်း ကြေညာခဲ့ပါတယ်။

ပြန်လွတ်လာတဲ့ အကျဉ်းသားတွေထဲမှာ လွန်ခဲ့တဲ့ လေးနှစ်က အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်မှုကြောင့် ဖမ်းဆီးခံထားရသူတွေ ပါဝင်မယ်လို့ မျှော်လင့်ရပါတယ်။

သမ္မတ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်နယ် ထရန့်က သူ့ရဲ့ ပထမ သမ္မတသက်တမ်း နောက်ဆုံးနေ့ရက်တွေမှာ ကျူးဘားကို အကြမ်းဖက်မှု အားပေးကူညီတဲ့ နိုင်ငံတွေစာရင်းမှာ ထည့်သွင်းခဲ့ပြီး အမေရိကန်ရဲ့ စီးပွားရေး အကူအညီ ပေးအပ်မှုကို ရပ်ဆိုင်းခဲ့သလို ကျူးဘားသို့ လက်နက် တင်ပို့ရောင်းချမှုကိုလည်း တားမြစ်ခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိ အခြေအနေကို လေ့လာအကဲဖြတ်မှုအရ အဲဒီလို သတ်မှတ်နိုင်တဲ့ အချက်အလက် မရှိဘူးလို့ သမ္မတ ဘိုင်ဒန်ရဲ့အစိုးရ အရာရှိတစ်ဦးက ဇန်နဝါရီ ၁၄ ရက်မှာ ပြောဆိုထားတာပါ။

သမ္မတ ဘိုင်ဒန်ရဲ့ လုပ်ရပ်ဟာ သဘောသဘာဝအားဖြင့် အကန့်အသတ်တွေ ရှိနေပေမယ့်လည်း မှန်ကန်ရာဖက်ကို လျှောက်လှမ်းတဲ့ ခြေလှမ်း ဖြစ်တယ်လို့ ကျူးဘားက ဆိုပါတယ်။

ကက်သလစ် ဘုရားကျောင်းရဲ့ ကြားဝင် ညှိနှိုင်းမှုကြောင့် ရရှိခဲ့တဲ့ သဘောတူညီချက်အရ ပြန်လည် လွတ်မြောက်လာတဲ့ အကျဉ်းသား ရာပေါင်းများစွာက ကျေးဇူးတင်ကြလိမ့်မယ်လို့ ကျူးဘားအစိုးရရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

အကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ကြေညာထားတာ မတွေ့ရပေမယ့် ကျူးဘားမှာ ၂၀၂၁ ခုနှစ်က စီးပွားရေး ကျဆင်းမှုနဲ့ ကြုံနေချိန် ဖြစ်ပွားခဲ့တဲ့ ကြီးမားတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်မှုကြောင့် ဖမ်းဆီးခံထားရသူတွေ ပြန်လည် လွတ်မြောက်လာမယ်လို့ မျှော်လင့်ရပါတယ်။
အမေရိကန်က အကြမ်းဖက်မှု အားပေးကူညီနေတဲ့ နိုင်ငံတွေစာရင်းမှာ ကျူးဘားအပြင် မြောက်ကိုရီးယား၊ ဆီးရီးယား၊ အီရန်တို့နဲ့ အတူ ထည့်သွင်းထားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာ အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ်တွေကို ထောက်ပံ့ ကူညီ ပေးတယ်လို့ ယူဆရတဲ့ နိုင်ငံတွေကို အမေရိကန်က အဲဒီ စာရင်းမှာ ထည့်သွင်းလေ့ရှိတာ ဖြစ်ပါတယ်။

အဲဒီ စာရင်းကနေ သမ္မတ အိုဘားမားက ကျူးဘားကို ၂၀၁၅ ခုနှစ်မှာ ဖယ်ရှားပေးခဲ့ပြီးနောက် ထရန့်က အဲဒီ ကွန်မြူနစ်နိုင်ငံဟာ ဗင်နီဇွဲလား ခေါင်းဆောင် မာဒူရိုကို ကူညီပေးနေတယ်လို့ ပြောဆိုပြီး စာရင်းမှာ ပြန်သွင်းခဲ့တာ ဖြစ်ပါတယ်။

အခု သဘောတူညီမှုဟာ ကျူးဘားနဲ့ အမေရိကန်တို့ကြား ဆက်ဆံရေး ပုံမှန် ပြန်ဖြစ်စေရေးအတွက် အရေးပါတဲ့ သဘောတူညီမှု ဖြစ်တယ်လို့ ကျူးဘားအစိုးရက ပြောကြားထားတာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.