ကော့သောင်း၊ ဇန်နဝါရီ ၁၅

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ ရပ်ကွက်အလိုက် စစ်မှုထမ်းပေးဖို့နဲ့ ပျက်ကွက်ပါက ပေါ်တာဝင်ဆွဲမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ထားကြောင်း ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောလာပါတယ်။

ကော့သောင်းမြို့နယ်ရှိ ရပ်ကွက်ကျေးရွာတွေမှာ စစ်ကောင်စီက အုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် တစ်ရပ်ကွက်လျှင် အမျိုးသားနှစ်ဦးကနေ ငါးဦးအထိ စစ်မှုထမ်းပေးဖို့ ဇန်နဝါရီလ ဒုတိယအပတ်အတွင်း ညွှန်ကြားလာတာပါ။

အဲဒီထဲမှာ ကော့သောင်းမြို့နယ် ဆယ်မိုင်ကျေးရွာအုပ်စုမှာတော့ စစ်မှုထမ်းအတွက် အမျိုးသား ငါးဦး ပေးပို့ရမယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့မှာ စစ်ကောင်စီက ကျေးရွာအုပ်ချုပ်ရေးမှူးကို ညွန်ကြားထားတယ်လို့ ဆိုပါတယ်။

ကော့သောင်းမြို့နယ်မှာတော့ ရပ်ကွက်ကျေးရွာပေါင်း ၂၀ ကျော်ရှိကာ ရပ်ကွက်ကြီး ၅ ခုထက်မ နည်းရှိပြီး ကျန်တဲ့ရပ်ကွက်တွေက အလတ်စားနဲ့ အငယ်စားရပ်ကွက်တွေ ဖြစ်ပါတယ်။

ရပ်ကွက်အလိုက် စစ်မှုထမ်း ပေးပို့ရမယ်လို့ ညွှန်ကြားချက်ကြောင့် ဒေသခံလူငယ်တွေ တိမ်းရှောင်နေကြသလို တချို့လူငယ်တွေကလည်း ညဘက်အပြင်မထွက်ဘဲ နေနေကြတယ်လို့ ဆိုပါတယ်။

ကော့သောင်းမြို့မှာ အရင်က ထိုင်းနိုင်ငံရနောင်းမြို့ကနေ နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားတွေထဲက လူငယ်အများစုကို စစ်ကောင်စီတပ်နဲ့ လဝကအဖွဲ့တွေပူးပေါင်းပြီး စစ်မှုထမ်းဖို့ အတင်းအ ဓမ္မ စုဆောင်းတာတွေ ရှိခဲ့တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့ကလည်း ကော့သောင်းမြို့ ကြေးနန်တိုင်ရပ်ကွက်မှာ စစ်ကောင်စီက လူငယ်တွေကို ဧည့်စာရင်းဝင်စစ်ပြီး ဖမ်းဆီးသွားတာရှိတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင် အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မြေပြင်တိုက်ပွဲတွေမှာ စစ်ရှုံးမှုနဲ့အတူ တပ်အင်အားပြုန်းတီးမှုကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ အင်အားလိုအပ်ချက်ကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အပတ်စဉ် ၈ အထိ သင်တန်းဖွင့်လှစ်ထားပါတယ်။

ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ BACS ရဲ့ အချက်အလက်တွေအရ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အပတ်စဉ် ၃ အထိ သင်တန်းဆင်းထားတဲ့ စစ်မှုထမ်းတပ်သား ၁၃၀၀၀ ကျော် ရှေ့တန်းပို့ ဆောင်ခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.