ဘားအံ၊ ဇန်နဝါရီ ၁၅
စစ်ကောင်စီခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ ဦးစောမြင့်ဦးနဲ့ စကားများရန်ဖြစ်ပြီးတဲ့နောက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်ဇော်မင်းအောင်ကို ရှေ့တန်းစစ်ဆင်ရေးနယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့က စကခ ၁၂ ဌာနချုပ်သို့ ပြောင်းရွှေ့ခံလိုက်ရတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ကနေ သိရှိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းက ဘားအံမြို့ ဂေါက်ကွင်းထဲမှာ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ဝန်ကြီး ချုပ် ဦးစောမြင့်ဦးနဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးဖြစ်သူ ဗိုလ်မှူးချုပ်ဇော်မင်းအောင်တို့ နှစ်ဦးအကြား ပြဿနာဖြစ်ပွားခဲ့ပြီး ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဒုတိုင်းမှူးကိုလက်သီးနဲ့ထိုးခဲ့ရာ အနီးအနားရှိ စစ်ကောင်စီတာဝန်ရှိသူတွေက ဖျန်ဖြေပေးခဲ့ရပါတယ်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်ကို လက်ရှိရာထူးအဆင့်ကနေ ပြုတ်သွားချင်သလားလို့ ကြိမ်းမောင်းပြစ်တင်ထိုးကြိတ်ခဲ့ပြီးတဲ့နောက် ကရင်ပြည် နယ်အစိုးရအဖွဲ့ အခမ်းအနားတွေ့ဆုံပွဲတွေမှာ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်ကို မတွေ့ရတော့ဘဲ ကော့ကရိတ်မြို့အနီးက စကခ ၁၂ ဌာနချုပ်ဆီကို ပြောင်းရွှေ့လိုက်ကြောင်း စစ်ကောင်စီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်က ဒုတိုင်းမှူးကို လက်သီးနဲ့ထိုးလိုက်တဲ့ဖြစ်စဉ်သတင်းဟာ လုံးဝမဟုတ်မှန်ဘူးလို့ စစ်တပ်လော်ဘီတွေက ငြင်းဆိုထားပေမယ့် စစ်ကောင်စီနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေကတော့ အဲဒီဖြစ်စဉ်ဟာ မှန်ကန်ပြီး ဒုတိုင်းမှူးကို ပြောင်းရွှေ့လိုက်ကြောင်း ဆိုပါတယ်။
ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်နေရာမှာတော့ ရတခတိုင်းစစ်ဌာနချုပ်က အရာရှိတစ်ဦးနဲ့ အစားထိုးခန့်အပ် တာဝန်ပေးအပ်လိုက်ပြီး ဒုတိုင်းမှူးကို ရှေ့တန်းစစ်ဆင်ရေးနယ်မြေဖြစ်တဲ့ ကော့ကရိတ်၊ ကျုံဒိုးမြို့တွေမှာ ရှိတဲ့ စစ်ကောင်စီတပ်ရင်း၊ စစ်ကြောင်းတွေကို ကွပ်ကဲဖို့အတွက်ဆိုပြီး ရွှေ့ပြောင်းပေးလိုက်တာလို့ အဲဒီသတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်ဟာ ရတခစစ်ဌာနချုပ်အခြေစိုက်ရာ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ မနေထိုင်ဘဲ ကရင်ပြည်နယ် ဘားအံမြို့ကို လာရောက်နေထိုင်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနဲ့အတူ ဌာနဆိုင်ရာ အစည်းအဝေး၊ တွေ့ဆုံပွဲတွေနဲ့ အခမ်းအနားပွဲတွေမှာ အမြဲလိုလို တက်ရောက်လေ့ရှိတာပါ။
လက်ရှိ ကျုံဒိုး၊ ကော့ကရိတ်မြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ စကခ ၁၂ ဌာနချုပ်၊ တပ်ရင်းဌာန ချုပ်တွေ တည်ရှိသလို တပ်မ ၅၅ လက်အောက်ခံတပ်တွေပါဝင်တဲ့ အောင်ဇေယျစစ်ကြောင်းတို့လည်း စစ်ဆင်ရေးအတွက် ရောက်ရှိနေတာဖြစ်ပြီး စစ်ကောင်စီတပ်စစ်ကြောင်းတွေနဲ့ KNLA ပူး ပေါင်းအဖွဲ့တို့အကြား စစ်ရေးဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KIC