ရေး၊ ဇန်နဝါရီ ၁၄

မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၅၈၃ ခြေလျင်တပ်ရင်းကို မနေ့ ဇန်နဝါရီ ၁၃ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ ဒရုန်းနဲ့သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းထံကနေ သိရပါတယ်။

ခလရ ၅၈၃ တပ်ဝင်းထဲက လက်နက်ကြီးတွေ အထိုင်ချထားတဲ့ နေရာတဝိုက်ကို ဒရုန်းနဲ့ ဗုံးနှစ်လုံးချပြီး တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုကို စုံစမ်းနေတယ်လို့ ဆိုပါတယ်။

ခလရ ၅၈၃ တပ်ဟာ ရေးမြို့နယ် ကျုံလောင်းဒေသ တိုက်ပွဲအတွင်း လက်နက်ကြီးအဆက်မပြတ် ပစ်ကူပေးနေတဲ့အတွက် တိုက်ခိုက်ရတာဖြစ်တယ်လို့ ဒေါနစစ်ကြောင်းတာဝန်ခံ စောဒါးကိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီတပ်ကနေ လက်နက်ကြီး ၁၀ လုံးထက်မနည်း ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ရေးမြို့နယ် ကျုံလောင်းဒေသထဲကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ကစပြီး စစ်ကောင်စီတပ် စစ် ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတာပါ။

တိုက်ပွဲကြောင့် ကျုံလောင်း၊ကျောက်မိကျောင်းအပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာတွေက ဒေ သခံ ထောင်နဲ့ချီ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေထဲ ထွက်ပြေးခိုလှုံနေရပါတယ်။

နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ ကျုံလောင်းဒေသကို ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး စစ်ကောင်စီတပ်က အခြေခံစားသောက်ကုန် သယ်ယူခွင့် ကန့်သတ်ပိတ်ပင်ထားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ဒေါနစစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.