မကွေး ဇန်နဝါရီ ၁၄

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ တစ်ရက်တည်း လူငယ် ၂၀ ဝန်းကျင် ပေါ်တာဆွဲခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီနေ့ ဇန်နဝါရီ ၁၄ ရက် တစ်ရက်တည်း ဘိုကုန်းရွာနဲ့ ထန်းတောစုရွာက လူဦးရေ ၂၀ ဝန်းကျင်ကို ပေါ်တာဆွဲ ဖမ်းဆီးသွားတာပါ။

“ဆိုင်ကယ်တွေရော၊ လူတွေကောဆွဲသွားတာ။ သင်တန်းပို့ဖို့ဆိုခြောက်ရက်လောက်တော့ အချိန်ရသေးတယ်။ ဒီကြားထဲ သူတို့ဆေးစစ်တာတွေ လုပ်ကြမယ်ထင်တယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဘိုကုန်းရွာက လူငယ် ၁၆ ဦးနဲ့အတူ ဆိုင်ကယ်တွေပါဖမ်းဆီးခံရတာဖြစ်ပြီး ထန်းတောစုရွာက ၃ ဦးဖမ်းဆီးခံရကာ အဖမ်းခံရသူအားလုံးကိုပွင့်ဖြူမြို့နယ် ရဲစခန်းဆီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၃ ရက်က မဒဲကျေးရွာကို စစ်ကောင်စီက စစ်မှုထမ်းထောက်ပံ့ကြေးဟုဆိုကာ အိမ်ထောင်စုတစ်ခုကို ငွေကျပ် ၁၅၀၀၀ ကောက်ခံခဲ့ပေမဲ့ ၁၄ ရက်နေ့မှာ ပြန်ပေးခဲ့တဲ့အတွက် ပေါ်တာဆွဲခံရမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။

အခုတစ်ကြိမ် ပေါ်တာဆွဲခံရသူတွေကိုလည်း စစ်ကောင်စီက ညှိနှိုင်းခွင့်မပေးတော့ဘဲ​ ဆေးစစ်ပြီးတာနဲ့ နီးစပ်ရာ တပ်စခန်းတွေကို စစ်မှုထမ်းဖို့ ပို့ဆောင်တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ပွင့်ဖြူမြို့နယ်က လူငယ် ၁၅ ဦးဝန်းကျင် ပေါ်တာဆွဲခံရပြီး ဆေးကျပြီး ပြန်လည်လွတ်မြောက်လာသူ ၂ ဦးသာရှိပါတယ်။

စစ်ကောင်စီက ပေါ်တာဆွဲထားသူတွေကို စကုတပ်နဲ့ တပ်မ ၈၈ ကိုပို့ဆောင်ပြီး စစ်သင်တန်း သုံးလခန့်ပေးကာ ရှေ့တန်းကို ချက်ခြင်းစေလွှတ် တာဝန်ထမ်းဆောင်ခိုင်းနေကြောင်း သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.