ဝါရှင်တန်၊ ဇန်နဝါရီ ၁၁
ယူကရိန်းကို တိုက်ခိုက်နေတဲ့ စစ်ပွဲအား လောင်စာ ထည့်ပေးသလို ဖြစ်နေတဲ့ မော်စကိုရဲ့ စွမ်းအင်ဝင်ငွေကို ပစ်မှတ်ထားတဲ့ လုပ်ရပ်အဖြစ် အမေရိကန်အစိုးရက ရုရှားအပေါ် အပြင်းထန်ဆုံး အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်လိုက်ပါတယ်။
အဲဒီ အရေးယူမှုတွေထဲမှာ ကုန်သည်တွေနဲ့ အရာရှိတွေကနေ အာမခံ လုပ်ငန်းတွေအထိ အပါအဝင် လူပုဂ္ဂိုလ်တွေနဲ့ လုပ်ငန်းပေါင်း ၂၀၀ ကျော်အပြင် ရေနံတင်သင်္ဘော ရာပေါင်းများစွာကို ပစ်မှတ်ထား ပိတ်ဆို့ လိုက်တာ ဖြစ်ပါတယ်။
ယူကရိန်းကို ရုရှားက အင်အား အားလုံးထုတ်သုံးပြီး ကျူးကျော် တိုက်ခိုက်ပြီးနောက် ပထမဆုံးအကြိမ်အနေနဲ့ ဗြိတိန်ကလည်း အမေရိကန်နဲ့ပေါင်းပြီး ရုရှား စွမ်းအင်ကုမ္ပဏီတွေ ဖြစ်တဲ့ Gazprom Neft နဲ့ Surgutneftegas တို့ကို အရေးယူ ပိတ်ဆို့မှု ပြုလုပ်လိုက်ပါတယ်။
ရုရှား ရေနံကုမ္ပဏီတွေကို အရေးယူလိုက်ပါက ရုရှားရဲ့ စစ်ရေး စစ်တုရင် ကစားပွဲကို ရေခမ်းသွားအောင် လုပ်သလို ဖြစ်မှာ ဖြစ်ပြီး သမ္မတ ပူတင် လက်ထဲက ရူဘယ်ငွေ အားလုံးကို နုတ်ယူလိုက်ခြင်းအားဖြင့် ယူကရိန်း နိုင်ငံသားတွေရဲ့ အသက်တွေကို ကယ်တင်ရာ ရောက်မှာ ဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် လမ်မီက ပြောကြားလိုက်တာပါ။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၀ ရက်က ကြေညာတဲ့ အရေးယူမှု တချို့ကို ဥပဒေအဖြစ် ပြဌာန်းသွားမှာဖြစ်တဲ့အတွက် လာမယ့် ထရန့် အစိုးရအနေနဲ့ အဲဒီအရေးယူပိတ်ဆို့မှုတွေကို ဖယ်ရှားလိုတယ်ဆိုရင် လွှတ်တော်ရဲ့ ခွင့်ပြုချက် လိုအပ်မှာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံက ရုရှား စွမ်းအင်တွေကို တရားဝင် ဝယ်ယူနိုင်တဲ့ နိုင်ငံတွေကိုလည်း အပြင်းအထန် ကန့်သတ်ဖို့ လုပ်ဆောင်နေပါတယ်။
ရုရှားသမ္မတ ပူတင်အနေနဲ့ ဘုရားသခင် အော့နှလုံးနာစရာလုပ်ရပ်တွေကို ဆက်လက် လုပ်ဆောင်ဖို့ အသက်ရှူပေါက် မရအောင် လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်က ပြောကြားပါတယ်။
အမေရိကန်ရဲ့ ပါတီ နှစ်ရပ်လုံး သဘောတူတဲ့ အဲဒီလုပ်ရပ်အတွက် ကျေးဇူးတင်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောဆိုထားပါတယ်။
ယူကရိန်းကို ရုရှား စတင်တိုက်ခိုက်ပြီးနောက်ပိုင်း ရေနံ ဈေးနှုန်း ထိန်းချုပ်မှုဟာ ရုရှား စွမ်းအင်တင်ပို့မှု အပေါ် ထိန်းချုပ်ရေး အဓိက နည်းလမ်း ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့ ရေနံဈေးကွက်ထဲသို့ ရုရှားရေနံတွေ ဝင်ရောက်မှု နည်းပါးသွားမှာ ဖြစ်ပေမယ့် ဈေးကွက် အနေအထား ကောင်းမွန်နေဆဲ ဖြစ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
အဲဒီ အရေးယူမှုတွေဟာ ရုရှား စီးပွားရေးကို အမှန်တကယ် ထိခိုက်စေမှု ရှိ၊ မရှိဆိုတာကိုတော့ နောင်တက်လာမယ့် ထရန့် အစိုးရက ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
Ref:BBC