မော်လမြိုင် ၊ ဇန်နဝါရီ ၁၂
မွန်ပြည်နယ်မှာ ကလေးအလုပ်သမား ပပျောက်အောင် လုပ်ဆောင်သွားမယ်လို့ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့က ပြုလုပ်တဲ့ ပြည် နယ် ကလေးအလုပ်သမား ပပျောက်ရေးကော်မတီ အစည်းအဝေးအတွင်း ကြွေးကြော်ခဲ့တာပါ။
နိုင်ငံအနေနဲ့ ကလေးအလုပ်သမား ပပျောက်ရေးအတွက် ဒုတိယ ၅ နှစ်တာ လုပ်ငန်းစီမံချက်ကို ၂၀၂၄ ခုနှစ်ကနေ ၂၀၂၈ ခုနှစ်ထိ သတ်မှတ်ထားတာကြောင့် အောင်မြင်စေဖို့ အားလုံးပူးပေါင်းဆောင်ရွက်ကြဖို့ သူ့လက်အောက်ခံ ဌာနဆိုင်ရာတွေကို ညွှန်ကြားခဲ့တာပါ။
ကလေးအလုပ်သမားတွေ ဖြစ်ပေါ်ရတာဟာ ဆင်းရဲနွမ်းပါတာ၊ မိသားစုလူဦးရေများပြားတာ၊ အ ခြေခံပညာ နိမ့်ပါးတာအပြင် ရှေးရိုးစွဲလူမှုဓလေ့ထုံးစံတွေကို လက်ခံကျင့်သုံးနေတာကြောင့်လို့ ဦးအောင်ကြည်သိန်းက ပြောဆိုခဲ့ပါသေးတယ်။
ကလေးသူငယ်အရေး ကူညီဆောင်ရွက်နေသူ တစ်ဦးက ကလေးလုပ်သား ပပျောက်ဖို့အတွက်ဆိုရင် ပညာသင်ကြားရေးစနစ်အပြင် အဆမတန်မြင့်တက်နေတဲ့ ကုန်ဈေးနှုန်း ပြန်လည်ကျဆင်းအောင် လုပ်ဆောင်ဖို့လိုတယ်လို့ ထောက်ပြပါတယ်။
“ကလေးလုပ်သား ပပျောက်အောင်ဆိုလို့ရှိရင် ဥပမာအားဖြင့် ကလေးတွေကို ပညာသင်ကြားရေး စနစ်မှာ အပြည့်အဝပါဝင်နိုင်အောင် လက်လှမ်းမီတဲ့ ပညာရေးစနစ် ဖြစ်နေရမယ်။ စနစ်တစ်ခုကို ပညာရေးစနစ်ကို ဖော်ဆောင်နေနိုင်ရမယ်။ နောက်တစ်ခါ အခုဆိုရင် အဆမတန်တက်နေတဲ့ ကုန် ဈေးနှုန်းတွေကို ပြန်လည်ငြိမ်အောင် ပြန်လုပ်ပေးနိုင်ရမယ်”လို့ ဆိုပါတယ်။
ကလေးအလုပ်သမားအများစုဟာ မိသားစုစားဝတ်နေရေးအတွက် အလုပ်လုပ်နေရတာ ဖြစ်တာကြောင့် ပြည်သူတွေရဲ့ စားဝတ်နေရေး အရင်လိုအဆင်မပြေရင် ကလေးအလုပ်သမား ပပျောက်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ သူကဆိုပါတယ်။
တက်ကြွလှုပ်ရှားသူ တစ်ဦးကလည်း စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေ ပြည်ပထွက်ခွာတာနဲ့ တိမ်းရှောင်တာတွေ ရှိနေတာကြောင့် လုပ်ငန်းခွင်တွေမှာ သက်ကြီးပိုင်းနဲ့ ကလေးလုပ်သားတွေ အသုံးပြုမှုများလာတဲ့အတွက် ကလေးလုပ်သားပပျောက်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။
“လူငယ်တွေက တစ်ဖက်နိုင်ငံသွားတယ်။ တချို့လူငယ်တွေက စစ်မှုထမ်းထဲမှာ ပါသွားတယ်။ အဲဒီတော့ လုပ်အားလိုအပ်ချက်နေရာမှာ အသက်ကြီးပိုင်းနဲ့ကလေး လုပ်သားတွေကို အစားထိုးလာတယ်။ အများကြီး ခေါ်သုံးတယ်။ အရင်တုန်းကဆို လက်ဖက်ရည်ဆိုင်တို့ ဘာတို့မှာ စားပွဲထိုးဆိုတာ အရမ်းငယ်တဲ့ကလေးဆို မသုံးဘူး။ အခုသုံးနေရပြီ။ ကလေးလုပ်သား ပပျောက်အောင် လုပ်မယ်ဆိုတော့ အပြောတစ်မျိုး အလုပ်တစ်မျိုး မဖြစ်နိုင်ဘူး”လို့ ဆိုပါတယ်။
ဒေသတွင်းရှိ ကလေးအလုပ်သမားအများစုဟာ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ဆောက် လုပ်ရေး လုပ်ငန်းခွင်တွေနဲ့ တခြားလုပ်ငန်းခွင်တွေမှာ အများဆုံးတွေရတဲ့အပြင် ပလုံကောက်တာ၊ တောင်းရမ်းစားသောက်တာတွေကအစ အရင်ကထက် များပြားလာတာပါ။
စစ်ကောင်စီက ကလေးအလုပ်သမား ပပျောက်အောင် လုပ်ဆောင်သွားမယ်လို့ ပြောဆိုနေပေမယ့် အာဏာသိမ်းပြီးနောက် ကလေးသူငယ်တွေရဲ့ အခြေခံရပိုင်ခွင့်ဖြစ်တဲ့ ပညာသင်ကြားခွင့်တွေအပြင် အသက်ရှင်သန် နေထိုင်ခွင့်တွေကအစ ဆုံးရှုံးလာတာ ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ကတော့ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် ကလေးအလုပ်သမား ပိုမိုများပြားလာတယ်လို့ ပြီးခဲ့တဲ့နှစ် ဇွန် ၁၂ ရက်နေ့က ကျရောက်တဲ့ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့မှာ ထုတ်ပြန်ထားပေမယ့် အရေအတွက် အတိအကျကို ဖော်ပြထားတာ မရှိပါဘူး။
မြန်မာနိုင်ငံဟာ အာဏာသိမ်းမှုကြောင့် လုံခြုံရေးအခြေအနေ ဆိုးရွားလာတာကြောင့် နိုင်ငံ့ လူဦး ရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်ရောက်ရှိလာပြီး ပြည်တွင်းရွှေ့ပြောင်း နေထိုင်သူ သုံးသန်းကျော်ထဲက သုံးပုံတစ်ပုံဟာ ကလေးသူငယ်တွေ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-TLT