ရေး၊ ဇန်နဝါရီ ၁၁

မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းဒေသထဲ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး တိုက်ပွဲအတွင်း နေအိမ်တွေ ပျက်စီးတာတွေရှိနေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေထံကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ကစပြီး တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ စစ်ရေးလှုပ်ရှားမှုအားကောင်းတဲ့ ကျုံလောင်းကျေးရွာထဲ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း ထိုးဝင်ရောက်လာတာပါ။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် ကျုံလောင်းကျေးရွာအနီး ပတ်ဝန်းကျင်မှာ နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက် ကြီး အဆက်မပြတ်ပစ်ကူပေးနေပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်မှုကြောင့် ကျုံလောင်းကျေးရွာရှိ ဒေသခံ နေအိမ် သုံးလုံးထက်မနည်း ပျက်စီးထားပြီး ထောင်နဲ့ချီတဲ့ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်ကူစစ်ကြောင်းတွေ ထပ်မံစေလွှတ်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်တယ်လို့ မြေပြင်စစ်ဆင်ရေးမှာပါဝင်တဲ့ တော်လှန်ရေးရဲဘော်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲကြောင့် ကျုံလောင်း၊ ကျောက်မိကျောင်းကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာတွေက ထောင်နဲ့ချီတဲ့ဒေသတွေဟာ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေနဲ့ ဘေးလွတ်ရာ နေရာတွေထံ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်အလယ်ကစပြီး စစ်ကောင်စီဘက်က တပ်အင်အားအများအပြား ဖြည့်တင်းခဲ့ပြီး အခုအခါမှာတော့ နယ်မြေစိုးမိုးရေးခေါင်းစဉ်နဲ့ စစ် ကြောင်းထိုးတာတွေ ရှိလာခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.