မော်လမြိုင် ၊ ဇန်နဝါရီ ၁၁
မီးလင်းအခေါက်ရွှေ တစ်ကျပ်သား ကျပ် သိန်း ၆၀ ဝန်းကျင်နဲ့ ဈေးငြိမ်နေတဲ့ ပြည်တွင်းရွှေဈေးဟာ အခုနှစ်အစမှာပဲ ဈေးနှုန်းပြန်လည်မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဇန်နဝါရီပထမအပတ်က တစ်ကျပ်သား ကျပ် ၆၁ သိန်းသာရှိတဲ့ ပြည်တွင်းရွှေဈေးဟာ ဇန်နဝါရီ ၁၀ ရက်နေ့မှာတော့ ကျပ် ၆၄ သိန်းဝန်းကျင်အထိ ဈေးနှုန်းခုန်တက်လာတာပါ။
ရွှေဈေးနှုန်း ပြန်လည်မြင့်တက်လာတာကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်တချို့ ရပ်နားထားပြီး စစ်ကောင်စီဘက်ကလည်း စောင့်ကြည့်တာတွေ ရှိနေပါတယ်။
ရွှေဈေးနှုန်းမြင့်တက်လာရတာဟာ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ဈေးကစားမှုနဲ့ စစ်ကောင်စီ အာ ဏာပိုင်တွေရဲ့ လာဘ်စားမှုတွေကြောင့်ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“ဒေါ်လာရှားလို့ ဒေါ်လာဈေးတက်တာလည်း မဟုတ်ဘူး။ ရွှေရှားလို့ ရွှေဈေးတက်လာလည်း မ ဟုတ်ဘူး။ ဒီနိုင်ငံရေးအခင်းအကျင်းပေါ်မှာ မူတည်ပြီးတော့ စီးပွားရေးသမားတွေက ဈေးကစားတာ ဖြစ်တယ်ပေါ့နော်။ ဆိုတော့ စီးပွားရေးသမားတွေ ဈေးကစားတဲ့ဟာကို တစ်ဖက်က တာဝန်ယူထားပါတယ်ဆိုတဲ့ လူတွေကလည်း သေချာအရေးယူမှုမရှိဘူး။ ကြားထဲမှာ လာဘ်စားမှုတွေ လာဘ်ပေးလာဘ်ယူမှုတွေဟာ ရှိတယ်” လို့ ဆိုပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ဈေးကစားမှုကြောင့် ရွှေဈေးနှုန်း ပြန်လည်မြင့်တက်လာတဲ့အတွက် ပြည်သူတွေအနေနဲ့ ရောင်းမှားဝယ်မှား မဖြစ်ရအောင် သတိပြုရမယ့်အချိန်ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီဟာ ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက်ဆိုပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၄ ရက်နေ့မှာ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး နေ့စဉ်ရွှေရည်ညွှန်း ဈေး နှုန်းတွေ သတ်မှတ်ပေးနေတာပါ။
စစ်ကောင်စီက သတ်မှတ်ပေးတဲ့ ပြည်တွင်းရွှေဈေးနှုန်းဟာ ဇန်နဝါရီ ၁၀ ရက်နေ့မှာတော့ အခေါက် ရွှေ တစ်ကျပ်သားကို ကျပ် ၅၃ သိန်းကျော် သတ်မှတ်ထားတာကြောင့် ပြင်ပဈေးကွက်နဲ့ နှိုင်းယှဉ်ရင် ကျပ် ၁၁ သိန်းနီးပါး ကွာဟနေပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလအတွင်း ရွှေဈေးနှုန်းတွေ မကြာခဏဆိုသလို စံချိန်တင်မြင့်တက်လေ့ရှိပြီး ဈေးနှုန်းမတည်ငြိမ်မှုတွေလည်း နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်နေတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ