ဝါရှင်တန်၊ ဇန်နဝါရီ ၁၀
ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ မိမိတို့ တွေ့ဆုံဖို့ စီစဉ်ထားကြောင်း အမေရိကန် သမ္မတရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်နယ်ထရန့်က ဇန်နဝါရီ ၉ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဒါပေမဲ့ ရီပက်ဘလေကန် ရွေးကောက်ခံသမ္မတက ခေါင်းဆောင်နှစ်ဦး ဘယ်အချိန် တွေ့ဆုံမလဲဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုထားတာ မရှိသေးပါဘူး။
လာမယ့် ဇန်နဝါရီ ၂၀ ရက်မှာ အိမ်ဖြူတော်သို့ ထရန့် ရောက်ရှိလာရင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ခဲ့တဲ့ ယူကရိန်းသို့ ရုရှား ကျူးကျော် တိုက်ခိုက်မှု အဆုံးသတ်ရေး သံတမန်နည်းလမ်းအရ ဖြေရှင်းလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ထွက်ပေါ် နေပါတယ်။
အလျင်စလို ငြိမ်းချမ်းရေး ရယူခဲ့မယ်ဆိုရင် ယူကရိန်းအတွက် ပေးဆပ်ရမှုတွေ များနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ကိဗ်မြို့မှာ ထွက်ပေါ်နေပါတယ်။
ယူကရိန်းနိုင်ငံရဲ့ အစိတ်အပိုင်းများစွာကို ရုရှားဆီ ပေးလိုက်ရနိုင်တဲ့ စစ်ပွဲအဆုံးသတ်ရေး အဆိုပြုချက်များစွာကို ထရန့်ရဲ့ အကြံပေးတွေက တင်ပြထားကြပါတယ်။
သမ္မတပူတင်က တွေ့ချင်လို့ တွေ့ဆုံဖို့ စီစဉ်ထားတဲ့အကြောင်း ထရန့်က ဖလော်ရီဒါပြည်နယ် နေအိမ်မှာ ရီပက်ဘလေကန် အုပ်ချုပ်ရေးမှူးတွေနဲ့ မတွေ့ဆုံခင် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
သမ္မတ ပူတင်က တွေ့ဆုံလိုကြောင်း လူသိရှင်ကြား ပြောဆိုထားပြီး မိမိတို့အနေနဲ့ သွေးစွန်းနေတဲ့ အရှုပ်ထုပ်ကို ရှင်းလင်းရလိမ့်မယ်လို့ ထရန့်က ယူကရိန်း-ရုရှား စစ်ပွဲကို ညွှန်းဆို ပြောကြားထားပါတယ်။
ရုရှား ကျူးကျော်မှု စတင်ပြီး နောက်ပိုင်း အမေရိကန်က ဒီမိုကရက် သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်မှာ ယူကရိန်းအတွက် လုံခြုံရေး အကူအညီ ကန်ဒေါ်လာ ၆၀ ဘီလီယံ အပါအဝင် ကန်ဒေါ်လာ ၁၇၅ ဘီလီယံ တန်ဖိုးရှိ အကူအညီတွေ ပေးထားပါတယ်။
ဒါပေမဲ့ ထရန့်က စစ်ပွဲကို အလျင်အမြန် အဆုံးသတ်အောင် လုပ်ဆောင်လိုတယ်လို့ ပြောထားတာကြောင့် သူ့လက်ထက်မှာ အမေရိကန်ရဲ့ အကူအညီ ပေးမှုတွေဟာ အရင်က အတိုင်းအတာမျိုး ဆက်ရှိမှာလားဆိုတာ မသေမချာ ဖြစ်နေပါတယ်။
ထရန့်ရဲ့ ဆက်သွယ် ဆွေးနွေးလိုမှုကို ပူတင်က ကြိုဆိုမှာ ဖြစ်ပေမယ့် အခုအချိန်အထိ တရားဝင် တောင်းဆိုမှု မရှိသေးဘူးလို့ ကရင်မလင် နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမိထရီ ပက်စကော့ဗ်က ဇန်နဝါရီ ၉ ရက် မနက်ပိုင်းက ပြောဆိုထားပါတယ်။
ထရန့် အနေနဲ့ သမ္မတရာထူး ရယူတဲ့ အချိန်ကို စောင့်တာက ပိုပြီး သင့်တော်လိမ့်မယ်လို့ ပြောခွင့်ရသူ ပက်စကော့ဗ်က ဆိုပါတယ်။
ဒီအတောအတွင်း အမေရိကန်က ယူကရိန်းအတွက် နောက်ထပ် အကူအညီတွေ ပေးပို့မှာ ဖြစ်ကြောင်း ကြေညာထားချိန်မှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက မိမိတို့နိုင်ငံဆီ စစ်သားတွေ စေလွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
အနောက်တိုင်း စစ်သားတွေ ယူကရိန်း မြေပြင်သို့ ရောက်ရှိလာရင် ရုရှား တိုက်ခိုက်နေမှုတွေကို အလျင်အမြန် အဆုံးသတ်နိုင်လိမ့်မယ်လို့ သမ္မတ ဇီလန်စကီးက ပြောဆိုထားတာ ဖြစ်ပါတယ်။
Ref:Bangkokpost