ပုလော၊ ဇန်နဝါရီ ၁၀

တနင်္သာရီတိုင်း ပုလောမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၁၇ ခြေလျင်တပ်ရင်းကို တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။

ခလရ ၁၇ တပ်ကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး နှစ်ဖက်တိုက်ပွဲ အချိန် နှစ်နာရီနီးပါးအကြာ ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ နှစ်ကြိမ်၊ ဗုံးအလုံးရေ ၁၆ နီးပါး ကြဲချသွားခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သုံးဦး သေဆုံးကြောင်းနဲ့ စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေ မနက် ၁၀ နာရီအချိန်ခန့်မှာ အထိအခိုက်မရှိဘဲ ခွာစစ်ဆင်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အလားတူ အဲဒီနေ့မှာပဲ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဟာ ပုလောမြို့နယ် စက်တော်ရာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၉ ရက်နေ့ တစ်ရက်တည်း လေကြောင်းတိုက်ခိုက်မှု ၂၃ ကြိမ်၊ ဗုံးအလုံး ၇၀ နီးပါး ကြဲချခဲ့ပြီး လက်ရှိမှာလည်း နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေတာပါ။

ပုလောမြို့နယ်မှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက စစ်ကောင်စီတပ်ဟာ အင်အားအများအပြားနဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတော်တော်များများကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး နယ်မြေစိုးမိုးမှု ရယူခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ပုလောမြို့နယ်က ကျေးရွာအများအပြားကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားတာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ နှစ်ဖက်စစ်ရေး တင်းမာနေသလို မနေ့ကစပြီး တစ်ကျော့ပြန် တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့ကလည်း ပုလောမြို့နယ် အမှတ် ၂ ရပ်ကွက်ရှိ စစ်ကောင်စီရဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံး (စရဖ)ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.