ဆိုးလ်၊ ဇန်နဝါရီ ၁၀

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်မှာ စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာဖို့ ကြိုးပမ်းမှုကြောင့် စွပ်စွဲ ပြစ်တင်ခံထားရပြီး ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခံရသလို ဖမ်းဝရမ်းနဲ့ ရင်ဆိုင်နေရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုလ်ဟာ မတရားသဖြင့် ပြုမူခံနေရကြောင်းနဲ့သွေးချောင်းစီးမယ့် အခြေအနေကို ရှောင်ရှားရမယ့်အကြောင်း သူ့ရဲ့ လုံခြုံရေး အကြီးအကဲက ဇန်နဝါရီ ၉ ရက်မှာ ပြောကြားလိုက်ပါတယ်။

သမ္မတ လုံခြုံရေးဌာန PSS အေးဂျင့်တွေနဲ့ စုံစမ်း စစ်ဆေးရေးမှူးတွေက ယွန်ကို ဖမ်းဆီးနိုင်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကြိုးပမ်းချိန်မှာ သမ္မတရဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ၆ နာရီကြာ ထိပ်တိုက်တွေ့မှု ဖြစ်ပွားခဲ့တာကြောင့် PSS အကြီးအကဲ ပတ်ချွန်ဂျန်ကိုယ်တိုင်လည်း တာဝန် ဝတ္တရားနှောင့်ယှက်မှုနဲ့ စုံစမ်း စစ်ဆေးခံနေရပါတယ်။

မေးမြန်း စစ်ဆေးမှု ခံယူဖို့ ရဲဌာနချုပ်သို့ ရောက်ရှိလာချိန်မှာ ရဲအရာရှိဟောင်း PSS အကြီးအကဲ ပတ်က တာဝန် ထမ်းဆောင်နေဆဲ သမ္မတ တစ်ဦးကို လောလောဆယ် ဖမ်းဆီးရေး ကြိုးပမ်းမှုဟာ မှားယွင်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။

သမ္မတ ယွန်အနေနဲ့ နိုင်ငံ့အကြီးအကဲ တစ်ယောက်လို ပြုမူ ဆက်ဆံခံရသင့်တယ်လို့ သမ္မတ လုံခြုံရေးဌာန အကြီးအကဲ ပက်က ဆိုပါတယ်။

ဘယ်လို အခြေအနေမျိုးမှာမဆို ကိုယ်ထိလက်ရောက် ခိုက်ရန် ဖြစ်ပွားမှုတွေနဲ့ သွေးချောင်းစီးမှုတွေ မဖြစ်သင့်ဘူးလို့လည်း သူက ပြောပါတယ်။

FILE PHOTO: South Korean President Yoon Suk Yeol delivers an address to the nation at the Presidential Office in Seoul, South Korea, December 12, 2024. The Presidential Office/Handout via REUTERS/File Photo

ဒီအခြေအနေမှာ ပါဝင် ပတ်သက်နေတဲ့ အရာရှိတွေရဲ့ ဘေးကင်းရေး အာမခံပေးဖို့ မိမိရဲ့ တောင်းဆိုမှုကို ယာယီသမ္မတ ချိုဆန်မော့ခ်က မတုံ့ပြန်သေးဘူးလို့လည်း အကြီးအကဲ ပတ်က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

သမ္မတ ယွန်ကို မဖမ်းဆီးစေဖို့ ရာနဲ့ချီတဲ့ PSS အေးဂျင့်တွေက သမ္မတရုံး အဆောက်အဦ ဝင်းထဲ စုံစမ်းစစ်ဆေးရေးမှူးများ မဝင်နိုင်အောင် တားဆီး ပိတ်ဆို့ထားခဲ့ကြပါတယ်။

အဲဒီ ထိပ်တိုက်တွေ့မှုအတွင်း PSS အေးဂျင့်တွေဟာ လက်နက်တွေ ကိုင်ဆောင်ထားပေမယ့် ပစ်ခတ်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

မေးမြန်း စစ်ဆေးဖို့ ဆင့်ခေါ်မှုကို သမ္မတ ယွန်က အကြိမ်ကြိမ် ပယ်ချခဲ့ပြီးနောက် စုံစမ်းစစ်ဆေးရေးမှူးတွေက သူ့ကို ဖမ်းဆီးနိုင်ဖို့ ဝရမ်း အသစ်တစ်ခုကို အခုသီတင်းပတ်အတွင်း ရယူခဲ့ကြပါတယ်။

သမ္မတ ယွန်ဟာ သူ့ရဲ့ ကုန်းမြင့်နေအိမ်မှာ ခံတပ်လို အကာအကွယ်တွေ ယူပြီး ပုန်းအောင်းနေတာကြောင့် စုံစမ်း စစ်ဆေးသူတွေအနေနဲ့ ဖမ်းဝရမ်းအတိုင်း ဆောင်ရွက်ဖို့ အခက်ကြုံနေရတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.