နေပြည်တော် ၊ ဇန်နဝါရီ ၁၀

တိုင်းရင်းသားဒေသတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီက တိုင်းရင်းသားစည်းလုံးညီညွတ်မှုဟာ နိုင်ငံအတွက် အသက်တမျှ အရေးပါတဲ့ အချိန်ကာလဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောလာပါတယ်။

ဇန်နဝါရီ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ၇၇ နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောဆိုထားတာပါ။

တိုင်းရင်းသားစည်းလုံးညီညွတ်မှုဟာ နိုင်ငံအတွက် အသက်တမျှ အရေးပါတဲ့အချိန်ကာလဖြစ်တဲ့အတွက် တိုင်းရင်းသားညီအစ်ကိုတွေအကြား ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းကြဖို့ သူက တိုက်တွန်းတာ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံရေးရည်မှန်းချက် (၂)ရပ်ဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေးနဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို ဖော်ဆောင်နေတယ်လို့ ဆိုပါတယ်။

အဲဒီလို ဆောင်ရွက်ရာမှာ ပဓာနကျတဲ့ နိုင်ငံတည်ငြိမ်ရေးနဲ့ ထာဝရငြိမ်းချမ်းရေးကို နိုင်ငံသူနိုင်ငံသားတွေအားလုံးက အစိုးရ၊စစ်တပ်နဲ့အတူ ပူးပေါင်းပါဝင်ကြဖို့ စစ်ခေါင်းဆောင်က တိုက်တွန်းတာပါ။

မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာ တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းနဲ့သာ အောင်မြင်နိုင်မယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးတိုက်ပွဲတွေအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိုးစစ်‌တွေကို နိုင်ငံအနှံ့ရင်ဆိုင်နေရတာပါ။

ဒီအတွက်ကြောင့် တိုင်းစစ်ဌာနချုပ် ၂ ခု အပါအဝင် မြို့ပေါင်း ၉၅ မြို့ကို လက်လွှတ်ထားရတဲ့အခြေအနေမှာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုနဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ပြောလာနေတာပါ။

တစ်ဘက်မှာတေ့ာ ဆုံးရှံးခဲ့ရတဲ့ နယ်မြေတွေအပါအဝင် တိုင်းရင်းသားဒေသတွေနဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြတဲ့ ဒေသတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ကျူးလွန်ခဲ့ကြတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာတွေလည်း များစွာရှိနေပါတယ်။

စစ်ကောင်စီက မြန်မာပြည်သူတွေအပေါ် ဆက်လက်ပြီး အကြမ်းဖက်တာနဲ့ ဖိနှိပ်နေမှုဟာ လက်ခံနိုင်စရာမရှိဘူးလို့ ဥရောပသမဂ္ဂအပါအဝင် အနောက်နိုင်ငံတွေနဲ့ နိုင်ငံတကာအစိုးရတို့က ဇန်နဝါရီ ၆ ရက်နေ့မှာ ပူးတွဲကြေညာခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ ၂၀၂၄ တစ်နှစ်တာအတွင်း နိုင်ငံတဝန်း စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သား ၁၈၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဇန်နဝါရီ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆၄၁ ဦး အများဆုံးသေဆုံးခဲ့ရပြီး လက်နက်ကြီးကြောင့် ၅၂၅ ဦး သေဆုံးခဲ့တဲ့အပြင် ပြီးခဲ့တဲ့ တစ်နှစ်အတွင်း နိုင်ငံဝန်းက အရပ်သား ၇၆၆ ဦးကိုလည်း စစ်ကောင်စီ ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.