သိမ်ဇရပ်၊ ဇန်နဝါရီ ၉

မွန်ပြည်နယ် သိမ်ဇရပ်မြို့ရှိ သိမ်ဇရပ်နယ်မြေရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ဇန်နဝါရီ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေအပြင် စစ်ကောင်စီတပ်သားတွေပါ တပ်စွဲနေထိုင်နေတဲ့ သိမ်ဇရပ်နယ်မြေရဲစခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်လောက်မှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး နှစ်လုံးချပြီး တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုမှာ ဗုံးသီး နှစ်လုံးဟာ ရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် သိမ်ဇရပ်အခြေစိုက် အမှတ် ၂၀၇ ခြေမြန်တပ်ရင်းက တပ်သား နှစ်ဦး သေဆုံးပြီး စစ်ကောင်စီတပ်သား တစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်တွင်းသတင်းပေးတွေဆီကနေ အတည်ပြုနိုင်ခဲ့တယ်လို့ KRF ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၇၈၀၅ တပ်ရင်း ပူးပေါင်းအဖွဲ့တွေဘက်က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

ရဲစခန်း ဗုံးချတိုက်ခိုက်ချိန် ပူးပေါင်းအဖွဲ့တွေဘက်က သုံးတဲ့ ဒရုန်းတစ်စီး GPS Error တက်လို့ ဆုံးရှုံးခဲ့ရပေမယ့် ပူးပေါင်းအဖွဲ့ဝင်တွေဘက်ကတော့ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘဲ ပြန်ဆုတ်လာနိုင်ခဲ့တယ်လို ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့က ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KRF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.