မော်လမြိုင် ၊ ဇန်နဝါရီ ၁၀

မွန်ပြည်နယ်မှာ မြို့ သိမ်းတိုက်ပွဲဖြစ်မလာသေးဘဲ လက်ရှိအခြေအနေအတိုင်း ဆက်ဖြစ်နေရင် ရွေးကောက်ပွဲကို စစ်ကောင်စီက ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာနိုင်တယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ရဲ့ အစီရင်ခံစာက သုံးသပ်ထားပါတယ်။

သန်းခေါင်စာရင်းကို မဲစာရင်းအဖြစ် အသုံးပြုမယ်လို့ စစ်ခေါင်းဆောင် ပြောဆိုခဲ့မှုအပေါ် မွန်ပြည် နယ်က သန်းခေါင်စာရင်းအပြည့်အဝကောက်ယူနိုင်ခဲ့တဲ့ မော်လမြိုင်၊ ချောင်းဆုံနဲ့ ပေါင်မြို့နယ်တို့မှာ ရွေးကောက်ပွဲကို ရာနှုန်းပြည့်ကျင်းပနိုင်မယ်လို့ NRFF က ဆိုပါတယ်။

ကျန်တဲ့မြို့နယ်တချို့မှာ လုံခြုံရေးတပ်ဖွဲ့အကူအညီနဲ့ဖြစ်စေ အီလက်ထရွန်းနစ်မဲပေးစနစ်နဲ့ဖြစ်စေ အတိုင်းအတာတစ်ခုအထိ ကျင်းပနိုင်မယ်လို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာထုတ်ပြန်ခဲ့တဲ့ NRFF ရဲ့ အစီ ရင်ခံစာက ဖော်ပြထားတာပါ။

စစ်ကောင်စီရဲ့ ရှေ့ပြေးလူဦရေးစာရင်းအရ မွန်ပြည်နယ်ရှိ မော်လမြိုင်၊ချောင်းဆုံ၊မုဒုံနဲ့ ပေါင်မြို့နယ်တွေမှာ သန်းခေါင်စာရင်းအပြည့်အဝကောက်ယူနိုင်ခဲ့တယ်လို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒီအခြေအနေကြောင့် မွန်ပြည်နယ်မှာ ရွေးကောက်ပွဲကျင်းပလာရင် အရပ်သားပြည်သူတွေနဲ့ နိုင်ငံ ရေးပါတီတွေကိုမပါဝင်ဖို့ နိုင်ငံရေးအရ စည်းရုံးလှုံဆော်သွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ အဖွဲ့ခေါင်းဆောင် ဒေါက်တာ သီရီမွန်ချမ်းက ပြောပါတယ်။

“အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အသိပညာပေးမှုတွေ ရွေးကောက်ပွဲမှာ မပါဝင်ဖို့ နိုင်ငံရေးပါတီတွေနဲ့ ပြည်နယ်သူ ပြည်နယ်သားတွေကို နိုင်ငံရေးအရဖိအားပေးတာ စည်းရုံးလှုံ့ ဆော်တာတွေ ပြုလုပ်သွားဖို့ လုပ်ငန်းစီမံချက်တွေ ချထားတာ ရှိပါတယ်။ တချိန်တည်းမှာ နိုင်ငံ တကာကိုလည်း စကစရဲ့ အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့နဲ့ လက်မခံဖို့ သံတ မန်လှုပ်ရှားမှုနည်းလမ်းတွေနဲ့လည်း စည်းရုံးလှုပ်ရှားသွားမှာပါ” လို့ ဆိုပါတယ်။

ဖိအားပေးမှုတွေ စည်းရုံးလှုံ့ဆော်မှုတွေကို လျစ်လျူရှုမလိုက်နာတဲ့အခါကျမှသာ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို တိုက်ဖျက်နိုင်အောင် စစ်ရေးအရ ထိထိရောက်ရောက် အရေးယူသွားဖို့ စီမံချက်တွေချထားတယ်လို့ သူကဆက်ပြောပါတယ်။

NRFF ကတော့ မွန်နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲဝင်မပြိုင်ဖို့ စစ်ရေးအရ သွေးစွန်းလာခဲ့ရင် မွန်အသိုင်းအဝိုင်းထဲ ညီညွတ်ရေးပိုပြိုကွဲသွားနိုင်တဲ့အတွက် ကိုယ့်ဘက်ပါလာအောင် စည်းရုံးသင့်တယ်လို့ ထောက်ပြထားတာပါ။

ဒါ့အပြင် စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားမလည်ပတ်နိုင်အောင် ကန့်သတ်တားဆီးတာ၊ နယ်မြေသိမ်းပိုက်ပြီး ပြည်သူ့အုပ်ချုပ်ရေးယန္တရားနဲ့ အစားထိုးတည်ဆောက်တာတွေ ပြုလုပ်သင့်တယ်လို့ အကြုံပြုထားတာ တွေ့ရပါတယ်။

ဒီလိုလုပ်ဆောင်ရာမှာ စစ်ရေးပစ်မှတ်ကိုသာ တိတိကျကျ ဖော်‌ဆောင်ပြီး အရပ်သားပြည်သူတွေ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် အားထုတ်ရမယ်လို့ ၂၀၂၅ ရွေးကောက်ပွဲကို လှမ်းမျှော်ကြည့်ခြင်း အစီရင်ခံစာမှာ ဖော်ပြထာားတာပါ။

လက်ရှိမှာ စစ်ရေးအကျပ်အတည်းကြောင့် အလဲလဲအပြိုပြိုဖြစ်နေတဲ့ စစ်ကောင်စီက အင်အားချိနဲ့လာနေပေမယ့် မွန်ပြည်နယ်မှာတော့ နယ်မြေစိုးမိုးမှုနဲ့ အုပ်ချူပ်ရေးယန္တရားတွေ အားကောင်းနေဆဲဖြစ်ပါတယ်။

အခုနှစ်မှာ မွန်ပြည်နယ်အတွင်း တိုက်ပွဲအရှိန်မြှင့်သွားမယ်လို့ ဒေသတွင်းတော်လှန်ရေးအဖွဲ့တချို့က သံလွင်တိုင်းမ်ကို ပြောဆိုထားပေမယ့် လောလောဆယ်အထိ အခြားတိုင်းရင်းသားဒေသတွေလိုမျိုး ထိတွေ့တိုက်ပွဲ ကြီးကြီးမားမား မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ရွေးကောက်ပွဲအတွက် အဘက်ဘက်ကအသင့်ဖြစ်နေစေဖို့ ဆောင်ရွက်နေတယ်လို့ ဇန်နဝါရီ ၈ ရက်နေ့မှာပြုလုပ်တဲ့ ညှိနှိုင်းအစည်း အဝေးမှာ ကော်မရှင်ဥက္ကဌက ပြောသွားခဲ့ပါတယ်။

မဲစာရင်းမှန်ကန်ရေး၊ မဲဆန္ဒရှင်တွေမဲပေးနိုင်ရေးနဲ့ လူဦးရေစာရင်းတွေကို မြေပြင်စိစစ်အတည်ပြုနိုင်ရေးအတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေထံ လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေ တောင်းခံသွားမယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲကိုတော့ တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ်စုစုပေါင်းရဲ့ ၁၆၁ မြို့နယ်မှာ ကျင်းပဖို့ လျာထားတယ်လို့ ကော်မရှင်ဘက်က နိုင်ငံရေးပါတီတွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာပထမပတ်အတွင်း ပြောဆိုထားပါတယ်။

ဒါဟာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ မြန်မာနိုင်ငံမှာ ၄၉ ရာခိုင်နှုန်းလောက်သာ ကျင်းပနိုင်မယ့် အနေအ ထားမျိုးဖြစ်ပြီး လုံခြုံရေးအရ အပိုင်းလိုက်ကျင်းပမယ့် သဘောမျိုးရှိတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.