နေပြည်တော် ၊ ဇန်နဝါရီ ၁၀
စစ်အာဏာသိမ်းမှုကနေ နိုင်ငံအနှံ့မှာ တိုက်ပွဲတွေ ဖြစ်ပွားလာပြီး မြို့အများအပြား လက်လွှတ်နေရချိန် မြန်မာနိုင်ငံအတွင်းက ခရီးစဉ်တွေဟာ လုံခြုံစိတ်ချ ဘေးအန္တရာယ်ကင်းစွာ သွားလာနိုင်တယ်လို့ စစ်ကောင်စီက ပြောဆိုလာပါတယ်။
ဇန်နဝါရီ ၈ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေးမှာ စစ်ကောင်စီအဖွဲ့ဝင် ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီး ဗိုလ် ချုပ်ကြီးမြထွန်းဦးက ပြောဆိုခဲ့တာပါ။
ဒါ့အပြင် ပြည်တွင်းခရီးစဉ်တွေဟာ လုံခြုံစိတ်ချရပြီး ဘေးအန္တရာယ်ကင်းစွာ သွားလာလည်ပတ်နိုင်ဖို့ ပကတိအခြေအနေမှန်ကို ခရီးသွားတွေ အချိန်တိုအတွင်း ထိထိရောက်ရောက်သိရှိအောင် အဓိ ကထား ဆောင်ရွက်ဖို့ လက်အောက်ခံ ဌာနဆိုင်ရာတွေကို ညွှန်ကြားခဲ့သေးတာပါ။
ဗိုလ်ချုပ်ကြီးမြထွန်းဦးက မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ ခရီးသွားထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကိုလည်း ဒီဂျစ်တယ်ပလက်ဖောင်းတွေက တစ်ဆင့်ကမ္ဘာ့ခရီးသွားအသိုက်အဝန်းက သိရှိအောင် ဆက်လက်လုပ်ဆောင်ဖို့ ပြောဆိုခဲ့ပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးမှာ ခရီးသွားတွေ ပိုမိုဝင်ရောက်လာစေဖို့ ခရီးသွားလုပ်ငန်းစီမံကိန်းတွေမှာ ရင်း နှီးမြှုပ်နှံမှုတိုးချဲ့တာ၊ ပြည်ဝင်ခွင့်ဗီဇာ ဖြေလျှော့ပေးတာ၊ လေကြောင်းခရီးစဉ်တွေ တိုးချဲ့ ပျံသန်းတာ၊ ခရီးသွားဈေးကွက် မြှင့်တင်တာအပြင် ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တာတွေ လုပ်ဆောင်နေတာကြောင့် မြန်မာနိုင်ငံအနေနဲ့လည်း နိုင်ငံရဲ့စီးပွားရေးကို အထောက်အကူပြုအောင် တခြားနိုင်ငံတွေ နည်းတူလုပ်ဆောင်ဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။
ခရီးသွားဧည့်လမ်းညွှန် အများစုကတော့ စစ်ကောင်စီက လုံခြုံစိတ်ချ ဘေးအန္တရာယ်ကင်းစွာသွား လာလို့ ရတယ်လို့ ပြောဆိုနေပေမယ့် နိုင်ငံအနှံ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ခရီးစဉ်လုံခြုံမှု မရှိတာအပြင် စစ်ကောင်စီက မထင်ရင်မထင်သလို ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိနေတာကြောင့်လည်း အခုလိုပြောဆိုချက်က လက်တွေ့မကျဘူးလို့ဘူးလို့ ဝေဖန်ပါတယ်။
ဒါ့အပြင် လက်ရှိအချိန် ခရီးသွားလာရာမှာလည်း စစ်ကောင်စီကစစ်ဆေးမှုတွေ အတားအဆီးတွေများတာ၊ ဂိတ်တွေမှာ ငွေကြေးအဆမတန် တောင်းခံတာ၊ ဒေသန္တရညမထွက်ရ အမိန့်အပြင် ဧည့် စာရင်း တိုင်ကြားရတဲ့ အခက်အခဲတွေကြောင့် ခရီးစဉ်တွေ မတွင်ကျယ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
တစ်ဖက်မှာ စစ်ကောင်စီက ခရီးသွားတွေဝင်ရောက်ဖို့ ပြောဆိုနေပေမယ့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၀ ကို ခရီးမသွားသင့်တဲ့ အနီရောင်အဆင့် ၄ ရှိတဲ့ နိုင်ငံတွေအဖြစ် အမေရိကန် နိုင်ငံ ခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၉ ရက်မှာ ထပ်မံသတိပေးထားပါတယ်။
အမေရိကန်နိုင်ငံက ခရီးမသွားလာသင့်တဲ့ နိုင်ငံတွေကို သတ်မှတ်တဲ့နေရာမှာ အဆင့် ၁ ကနေ ၄ အထိ သတ်မှတ်လေ့ရှိပြီး အသက်အန္တရာယ် ခြိမ်းခြောက်မှု ဖြစ်နိုင်ခြေရှိခဲ့ရင် အမြင့်ဆုံးအနေနဲ့ အဆင့် ၄ အဖြစ် ဖော်ပြလေ့ရှိပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media