ကျောက်ကြီး၊ ဇန်နဝါရီ ၁၀

ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ တပ်သားဖြစ်လာတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးဟာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၉ ထံ လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဇန်နဝါရီ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ အမှတ် ၂၈၈ ခြေလျင်တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေရတဲ့ စစ်ကောင်စီတပ်သား နှစ်ဦးဟာ စစ်မှုထမ်းသက် ၁ လခန့်အကြာမှာ KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၃ တပ်ရင်း ၉ ထံ လက်နက်နဲ့ အလင်းဝင်လာခဲ့တာပါ။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၂ ဦးဟာ အသက် ၂၅ နှစ်အရွယ် ကျော်မင်းဦးနဲ့ အသက် ၂၄ နှစ်အ ရွယ် မင်းမင်းဇော်တို့ဖြစ်ကြပြီး သူတို့နှစ်ဦးဟာ MA-1 MA-3 သေနတ်နဲ့အတူ KNLA တပ်ရင်း ၉ ထံ လက်နက်ချအလင်းဝင်ခဲ့တာပါ။

လက်နက်ချ အလင်းဝင်လာတဲ့ တပ်သားနှစ်ဦးကို KNLA တပ်ရင်း ၉ က တစ်ဦးကို ဆုကြေးငွေ ၁၀ သိန်းချီးမြှင့်ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အာဏာသိမ်းစစ်တပ်အနေနဲ့ ပြည်သူလူထုတွေကို နည်းလမ်းမျိုးစုံနဲ့ အတင်းအဓမ္မစစ်သားစု ဆောင်းလျက်ရှိပြီး စစ်သင်တန်း ၃ လသာ တက်ရောက်ရတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပါဝင်လာတဲ့ တပ်သားသစ်တွေကို ရှေ့တန်းနယ်မြေတွေထဲကို စေလွှတ်လျက်ရှိတယ်လို့ KNU ဗဟိုက ဆိုထားပါတယ်။

ဒီလို အတင်းအဓမ္မစုဆောင်းခံရတဲ့ တပ်သားသစ်တွေအနေနဲ့ စစ်အာဏာရှင်တွေရဲ့ အလိုကျတာဝန်ထမ်းဆောင်ခြင်းမပြုဘဲ မိမိတို့တာဝန်ကျရာ နယ်မြေအနီးရှီ တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့တွေထံကို လက်နက်ချအလင်းဝင်လာဖို့ KNU ဗဟိုက တိုက်တွန်းထားပါတယ်။

KNU ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်သားတွေဟာ မကြာခဏဆိုသလို KNU ထံ လက်နက်ချအလင်းဝင်တာတွေ များပြားနေပြီး အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ပါတာဖြစ်စေ မပါတာဖြစ်စေ လက်ခံကြိုဆိုပေးကာ ကူညီထောက်ပံ့ပေးတာတွေ လုပ်ဆောင်ပေး နေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.