ဘရပ်ဆဲလ်၊ ဇန်နဝါရီ ၉
ဒိန်းမတ်ရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဂရင်းလန်း ဒေသကို ထိန်းချုပ်ဖို့ စစ်အင်အား အသုံးပြုမှု ပယ်ချမထားဘူးလို့ အမေရိကန် သမ္မတ ရွေးကောက်ပွဲ အနိုင်ရထားသူ ဒေါ်နယ် ထရန့်က ခြိမ်းခြောက်ခဲ့ပြီးနောက် ခြိမ်းခြောက်မှုတွေ မပြုလုပ်ဖို့ သူ့ကို ဂျာမနီနဲ့ ပြင်သစ်တို့က သတိပေး ပြောကြားလိုက်ပါတယ်။
နယ်စပ်ဒေသ မချိုးဖောက်ရေးမူဟာ နိုင်ငံသေးသေးပဲဖြစ်ဖြစ် အရမ်း အင်အားကြီးတဲ့ နိုင်ငံပဲဖြစ်ဖြစ် နိုင်ငံတိုင်းနဲ့ သက်ဆိုင်တယ်လို့ ဂျာမနီ ဝန်ကြီးချုပ် အိုလက်ဖ်ရှူးဇ်က ပြောကြားထားပါတယ်။
ဥရောပသမဂ္ဂအနေနဲ့ မိမိတို့ရဲ့ အချုပ်အခြာ အာဏာပိုင် နယ်စပ်တွေကိုကမ္ဘာပေါ်ရှိ တခြားနိုင်ငံတွေက တိုက်ခိုက်မှာကို ခွင့်မပြုဘူးဆိုတာ မေးခွန်းထုတ်စရာ မလိုဘူးလို့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ဂျိမ်း နိုအယ် ဘာရော့က ပြောဆိုပါတယ်။
ဂရင်းလန်းဟာ နိုင်ငံတော်နဲ့ စီးပွားရေး လုံခြုံရေးအတွက် အရေးကြီးတဲ့ဒေသ ဖြစ်တယ်လို့ မကြာခင် အိမ်ဖြူတော်ကို ရောက်လာတော့မယ့် ထရန့်က ဇန်ဝါရီ ၇ ရက်မှာ ထပ်မံ ပြောကြားခဲ့တာပါ။
ဂရင်းလန်းကို ဝယ်ယူဖို့ စဉ်းစားထားကြောင်း ထရန့်က အကြိမ်ကြိမ် ပြောဆိုထားပြီး အဲဒီအစီအစဉ်ဟာ သူ့ရဲ့ သမ္မတ ပထမသက်တမ်း ဖြစ်တဲ့ ၂၀၁၉ ခုနှစ်မှာ ထွက်ပေါ်လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဂရင်းလန်းဟာ ရောင်းချဖို့ မဟုတ်ကြောင်းနဲ့ အဲဒီမှာ နေထိုင်သူတွေကသာ ပိုင်ဆိုင်တဲ့ဒေသ ဖြစ်တယ်လို့ အမေရိကန်ရဲ့ ကာလရှည် မဟာမိတ် ဒိန်းမတ်က ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။
ဂရင်းလန်း ဝန်ကြီးချုပ် မူတီ အက်ဂီတီက ဒိန်းမတ်ဆီက လွတ်လပ်ရေး ရရှိရေးအတွက် တွန်းအားပေးနေပေမယ့် သူကလည်း ဂရင်းလန်းဟာ ရောင်းချရန် မဟုတ်ကြောင်း ပြောဆိုထားတာပါ။
ဝန်ကြီးချုပ် မူတီဟာ ဇန်နဝါရီ ၈ ရက်မှာ ဒိန်းမတ် မြို့တော် ကိုပင်ဟေဂင်သို့ သွားရောက်ခဲ့ပါတယ်။
ဒိန်းမတ်ဟာ ဂျာမနီနဲ့ ပြင်သစ်တို့လိုပဲ အမေရိကန် ဦးဆောင်တဲ့ နေတိုး အဖွဲ့ဝင်နိုင်ငံ ဖြစ်ပါတယ်။
ဒါပေမဲ့ ဂရင်းလန်းကို တိုက်ခိုက်လာရင် သူတို့မှာ ကိုယ်ပိုင် ကာကွယ်နိုင်တဲ့ အစွမ်းမရှိတာကြောင့် အီးယူက ဘယ်လို ကာကွယ်မလဲ ဆိုတာ ခန့်မှန်းရခက်ခဲနေပါတယ်။
သမ္မတဖြစ်လာတော့မယ့် ထရန့်က ဂရင်းလန်းကို စစ်ရေးအရရော စီးပွားရေး အရပါ အသုံးချပြီး ထိန်းချုပ်ရေး ပယ်ချ မထားဘူးလို့ ပြောဆိုထားတာ ဖြစ်ပါတယ်။
Ref:BBC