လောင်းလုံး၊ ဇန်နဝါရီ ၁၀
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှာ လေးရက်အကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း နေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။
ကျောက်နီမော်ကျေးရွာက စစ်ကောင်စီနဲ့ပျူးစောထီးတပ်စခန်းတွေကို တော်လှန်ရေးအင်အားစုအဖွဲ့ဖြစ်တဲ့ ထားဝယ်တပ်ပေါင်းစုက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ လေးရက်ဆက်တိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ပွဲအတွင်း တပ်စခန်းတွေ မကျရေးအတွက် စစ်ကောင်စီတပ်ဟာ ကြည်းကြောင်း၊ လေ ကြောင်း၊ ရေကြောင်းတို့နဲ့ အပြင်းအထန်ခုခံခဲ့အတွက် ကျောက်နီမော်ကျေးရွာအတွင်းက နေအိမ် ထက်ဝက်နီးပါး မီးလောင်ပျက်စီးခဲ့ပါတယ်။
တိုက်ပွဲပြီးနောက် ဇန်နဝါရီ ၇ ရက်နေ့ကစပြီး ဒေသခံတွေက နေအိမ်တွေလာပြန်ကြည့်စဉ် မီး လောင်ပျက်စီးထားတဲ့ နေအိမ်အများအပြားတွေ့ရှိခဲ့ပြီး ဒေသခံတွေရဲ့ ခန့်မှန်းတွက်ချက်မှုအရ နေအိမ် ၂၅၀ နီးပါး မီးလောင်ပျက်စီးထားတယ်လို့ ဆိုပါတယ်။
နေအိမ်အများအပြား မီးလောင်ပျက်စီးမှုဟာ စစ်ကောင်စီတပ် လေယာဉ်နဲ့ဗုံးကြဲတာ၊ ရေတပ်စစ် သင်္ဘောကနေ လက်နက်ကြီးပစ်ခတ်တာ၊ စစ်ကောင်စီတပ် စစ်ကူစစ်ကြောင်းရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ ကျောက်နီမော်ကျေးရွာဟာ အိမ်ခြေ ၅၀၀ ကျော်ရှိပြီး တိုက်ပွဲအ တွင်း နေအိမ်တွေ ၂၅၀ နီးပါး မီးလောင်ပျက်စီးသွားတဲ့အတွက် ကျေးရွာအတွင်းရှိ နေအိမ်ထက် ဝက်နီးပါး စစ်ဘေးဒဏ်ကြုံခဲ့ရတာပါ။
လက်ရှိမှာတော့ စစ်ရှောင်ဒေသခံတွေဟာ နေအိမ်တွေ မီးလောင်ပျက်စီးထားတဲ့အတွက် နေစရာ အခက်အခဲဖြစ်နေသလို စစ်ရှောင်ပြည်သူအများစုကလည်း နေရပ်မပြန်ရဲကြသေးပါဘူး။
ကျောက်နီမော်ကျေးရွာဟာ ငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်း ပြုလုပ်တာဖြစ်ပြီး ထား ဝယ်ဒေသရဲ့ ရေထွက်ကုန် အဓိကတင်ပို့တဲ့ ကျေးရွာတစ်ရွာလည်း ဖြစ်ပါတယ်။
ကျောက်နီမော်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၄၀ ကျော် သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဘက်က ရဲဘော်နှစ်ဦးကျဆုံးခဲ့တယ်လို့ ထားဝယ်တပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-ထားဝယ်ခရိုင်တပ်ပေါင်းစု