ပမ်းလ်ဘိချ်၊ ဇန်နဝါရီ ၈
နေတိုးအဖွဲ့ဝင် နိုင်ငံတွေဟာ အမေရိကန်ရဲ့ ကာကွယ်ပေးမှုအတွက် ငွေလျှော့ပြီး သုံးစွဲနေကြတယ်လို့ ပြောဆိုထားခဲ့တဲ့ ဒေါ်နယ်ထရန့်က အဖွဲ့ဝင်တွေ အနေနဲ့ ကာကွယ်ရေး အသုံးစရိတ်ကို နိုင်ငံ့ GDP ရဲ့ ၅ ရာခိုင်နှုန်းအထိ သုံးစွဲကြဖို့ ဇန်နဝါရီ ၇ ရက်မှာ တွန်းအားပေးလိုက်ပါတယ်။
အဖွဲ့ဝင်နိုင်ငံတွေအားလုံးက အဲဒီပမာဏကို တတ်နိုင်ကြပြီး ကာကွယ်ရေး အသုံးစရိတ်အတွက် ၂ ရာခိုင်နှုန်းမဟုတ်ဘဲ ၅ ရာခိုင်နှုန်းအထိ သုံးစွဲသင့်တယ်လို့ မကြာခင် အိမ်ဖြူတော်ကို အမေရိကန်သမ္မတအဖြစ် ရောက်ရှိလာတော့မယ့် ဒေါ်နယ်ထရန့်က သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။
ဥရောပဟာ မိမိတို့ ထည့်ဝင်တဲ့ ငွေပမာဏရဲ့ အစိတ်အပိုင်း သေးသေးလေးလောက်ကိုပဲ ထည့်ဝင်နေတယ်လို့ ထရန့်က ဆက်လက် ပြောကြားထားပါတယ်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ ကာကွယ်ရေးအတွက် အရမ်း အရေးပါတဲ့ နေတိုးအဖွဲ့ကို ထရန့်က အမြဲဆိုသလို ဝေဖန်လေ့ရှိပြီး အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကာကွယ်ရေး အသုံးစရိတ် တိုးမသုံးလို့ရှိရင် ရုရှားက လုပ်ချင်ရာ လုပ်ပါစေလို့တောင် ပြောဆိုခဲ့ဖူးပါတယ်။
အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကာကွယ်ရေး အသုံးစရိတ် ပိုမသုံးရင် နေတိုး အဖွဲ့ကနေ အမေရိကန် ထွက်ခွာမယ်လို့တောင် ထရန့်က ပြီးခဲ့တဲ့လက ခြိမ်းခြောက်ထားပါတယ်။
အဖွဲ့ဝင် ၃၂ နိုင်ငံ ပါဝင်တဲ့ အတ္တလန္တိတ် ဖြတ်ကျော် မဟာမိတ်အဖွဲ့ရဲ့ ၂၀၂၃ ခုနှစ်အတွင်း ကာကွယ်ရေးအတွက် အသုံးစရိတ်ကို နိုင်ငံ့ အသားတင် ထုတ်ကုန်တန်ဖိုး GDP ရဲ့ ၂ ရာခိုင်နှုန်းအထိ သုံးစွဲရမယ်လို့ သတ်မှတ်ထားခဲ့ပြီး ရုရှား-ယူကရိန်းစစ်ပွဲကြောင့် နေတိုး မဟာမိတ် အဖွဲ့ အနေနဲ့ သူတို့ရဲ့ အရှေ့ဖက်ခြမ်းကို ကာကွယ်ရေးမှာ အင်အားနဲ့အသုံးစရိတ် တိုးမြှင့်ဖို့ ဖြစ်လာစေခဲ့ပါတယ်။
ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်ကြဖို့ တိုက်တွန်းတာက ထရန့် တယောက်တည်း မဟုတ်ဘဲ နေတိုး အဖွဲ့ အကြီးအကဲ မက်ခ် ရူသီက မိမိတို့အနေနဲ့ ၂ ရာခိုင်နှုန်းထက် အများကြီး ပိုပြီး သုံးစွဲသင့်တယ်လို့ ပြီးခဲ့တဲ့လမှာပဲ ပြောကြားခဲ့ပါတယ်။
ဥရောပနိုင်ငံတွေ အနေနဲ့ အနာဂတ်မှာ ရုရှားဘက်က တိုက်ခိုက် လာနိုင်ခြေအတွက် ကြိုတင် ပြင်ဆင်ထားတာ မရှိတဲ့အတွက် သူတို့ရဲ့ ကာကွယ်ရေး အသုံးစရိတ်တွေကို အလျင်အမြန် တိုးမြှင့်သင့်တယ်လို့ နေတိုးအကြီးအကဲ မက်ခ် ရူသီက ပြောဆိုထားတာပါ။
သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် ခွင့်ပြုဖို့ ဆုံး ဖြတ်ခဲ့တာကြောင့် ရုရှားက ယူကရိန်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ အတွင်း အင်အား အားလုံး သုံးပြီး ကျူးကျော် တိုက်ခိုက်မှု ဖြစ်လာခဲ့တာ ဖြစ်တယ်လို့ ထရန့်က ဇန်နဝါရီ ၇ ရက်မှာ ပြောခဲ့တာပါ။
ရုရှားအနေနဲ့ ကိုယ့်နယ်စပ်နားမှာ နေတိုးအဖွဲ့ဝင် တစ်နိုင်ငံ ရှိလာမှာကို မလိုလားဘူးဆိုတာ သမ္မတ ဘိုင်ဒန် အနေနဲ့ နားမလည်နိုင်ခဲ့ပေမယ့် မိမိအနေနဲ့ နားလည်ပေးနိုင်တယ်လို့ ထရန့်က ဆိုတာပါ။
ရီပက်ဘလေကန် သမ္မတ ဂျော့ချ် ဒဗလူ ဘွတ်ချ် လက်ထက်က နေတိုး အဖွဲ့ဝင်နိုင်ငံတွေက ၂၀၀၈ ခုနှစ်အတွင်း ယူကရိန်းကို နေတိုးအဖွဲ့ဝင် ဖြစ်ခွင့် ပြုရေး သဘောတူခဲ့ကြပေမယ့် နောက်ပိုင်းမှာ ရုရှားနဲ့ နေတိုး ကြား တိုက်ရိုက် စစ်ပွဲ ဖြစ်ပွားလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကြောင့် ဂျာမနီနဲ့ အမေရိကန်တို့က နောက်ဆုတ်ဖို့ ပြောဆိုလာနေကြပါတယ်။
Ref:AFP