ဘေဂျင်း၊ ဇန်နဝါရီ ၈
တိဗက် ကုန်းမြင့်ဒေသရှိ ဟိမဝန္တာ တောင်ခြေမှာ အားပြင်းတဲ့ မြေငလျင် လှုပ်ခတ်မှုကြောင့် ပိတ်မိနေသူ ၄၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ဒေသခံ ၃၀၀၀၀ ကျော်ကို ပြန်လည်နေရာချထားပေးခဲ့ရပြီးနောက် ဇန်နဝါရီ ၈ ရက်မှာ ရှာဖွေကယ်ဆယ်ရေးကို ဒုတိယမြောက်နေ့ အဖြစ် ဆက်လက် လုပ်ဆောင်နေကြောင်း တရုတ် အရာရှိတွေက ပြောပါတယ်။
လတ်တလော နှစ်တွေအတွင်း တိဗက်မှာ အားအပြင်းဆုံး လှုပ်ခတ်တဲ့ ရစ်ချ်တာစကေး ၆ ဒသမ ၈ အဆင့်ရှိ မြေငလျင်ဟာ ဇန်နဝါရီ ၇ ရက်မှာ ဧဝရက်တောင် မြောက်ဖက် မိုင် ၅၀ အကွာရှိ တင်ဂရီဒေသကို ဗဟို ပြု လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့အမြင့်ဆုံး တောင်အနီး အဲဒီ မြေငလျင် လှုပ်ခတ်မှုကြောင့် ဘူလ်တန်၊ နီပေါလ်နဲ့ အိန္ဒိယရှိ အဆောက်အဦးတွေ လှုပ်ရမ်းသွားခဲ့ရပါတယ်။
မြေငလျင်လှိုင်းတွေ စတင်လှုပ်ခတ်ပြီး ၂၄ နာရီကြာတဲ့အထိ အဆောက်အဦး အပျက်အဆီးတွေကြား ပိတ်မိနေတဲ့ အသက်ရှင်သူတွေဟာ အပူချိန် သုညဒီဂရီလောက် ရှိတဲ့ အခြေအနေမျိုးအတွင်း တစ်ညတာ ဖြတ်သန်းခဲ့ရပါတယ်။
ကနဦး စုံစမ်းစစ်ဆေးမှုအရ ရှီဂတ်ဆီဒေသမှာ လူနေအိမ် ၃၆၀၉ လုံး ပျက်စီးသွားခဲ့ပြီး အဲဒီ ဒေသဟာ လူဦးရေ ၈၀၀၀၀၀ နေထိုင်ရာ ဒေသ ဖြစ်ပါတယ်။
ဒဏ်ရာရသူတွေကို ကူညီဖို့ လူ ၅၀၀ နဲ့ လူနာတင်ယာဉ် ၁၀၆ စီး စေလွှတ်ပေးခဲ့ကြောင်း သိရပါတယ်။
တိဗက်ဖက်ခြမ်းမှာ လူ ၁၂၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး အခြား ၁၈၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တရုတ် အရာရှိတွေက ပြောပါတယ်။ နီပေါလ်နဲ့ အခြားနေရာတွေမှာတော့ ထိခိုက်သေဆုံးမှု မရှိဘူးလို့ ကြားသိရပါတယ်။
အဲဒီ ကုန်းမြင့်ဒေသမှာ ညအပူချိန် အနုတ် ၁၈ ဒီဂရီအထိ ကျဆင်းလေ့ ရှိတာကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူတွေအတွက် ဒုက္ခပိုရောက်နေရ ပါတယ်။
ယာယီအမိုးအကာတွေ၊ စားနပ်ရိက္ခာတွေ၊ မီးစက်တွေနဲ့ တခြား ထောက်ပံ့ရေး ပစ္စည်းတွေကို ဇန်နဝါရီ ၇ ရက် ညနေပိုင်းက ပေးပို့ထားပြီး ငလျင်ကြောင့် ပျက်စီးသွားတဲ့ လမ်းတွေကို ပြန်လည် ဖွင့်လှစ်ထားပြီ ဖြစ်ကြောင်း CCTV သတင်းက ဖော်ပြထားပါတယ်။
ပျောက်ဆုံးနေသူ အရေအတွက် ဘယ်လောက်ရှိသလဲ ဆိုတာကို တရုတ် အရာရှိတွေက မကြေညာသေးပါဘူး။
တိဗက် အရာရှိတွေကတော့ ဧဝရက်တောင်အနီး စာသင်ကျောင်း တစ်ကျောင်း ပြိုကျ ပျက်စီးသွားခဲ့ပေမယ့် ငလျင်လှုပ်ချိန်က ဘယ်သူမှ ရှိမနေတာကြောင့် ထိခိုက် ဒဏ်ရာရသူ မရှိဘူးလို့ ပြောထားပါတယ်။
Ref:Reuters