မော်လမြိုင်၊ ဇန်နဝါရီ ၃

မြန်မာနိုင်ငံ နေရာဒေသအသီးသီးမှာ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၄၀၆ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇန်နဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲမှာ စစ်ကောင်စီရဲ့ ထိန်းသိမ်းရေးစခန်းတွေဖြစ်တဲ့ ရဲစခန်းမှာ သေဆုံးသူ ၁၂ ဦး၊ စစ်ကြောရေးစခန်းတွေမှာ သေဆုံးသူ ၁၅ ဦးနဲ့ အကျဉ်းထောင်တွေမှာ သေဆုံးသူ ၃၁ ဦး သေဆုံးခဲ့ပြီး လက်တွေ့မြေပြင်မှာ ဒီအရေအတွက်ထက် ပိုများနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် AAPP ရဲ့ အချက်အလက်တွေအရ ၂၀၂၄ ဇန်နဝါရီ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တစ်နှစ်အတွင်း နိုင်ငံရေးအရ ဖမ်းဆီးခံရသူ ၇၅၃ ဦးရှိပြီး အဲဒီထဲမှာ ၇၄၈ ဦးဟာ လက်ရှိအချိန်ထိ ဆက်လက်ဖမ်းဆီးခံထားရပါတယ်။

စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခြင်းခံရပြီးဆိုပါက ဖမ်းဆီးခံရသူရဲ့ အသက်အန္တရာယ်ကို ဆိုးရွားပြင်းထန်စွာ ခြိမ်းခြောက်နေတဲ့အပြင် နိုင်ငံရေးအကျဉ်းသားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ လျစ်လျူရှုထားတယ်လို့ AAAPP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်း လေးနှစ်နီးပါးကာလအတွင်း စစ်ကောင်စီနဲ့ လက်ပါးစေတွေရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၆၀၉၂ ဦးအထိ ရှိလာတယ်လို့ AAPP ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.