ဘန်ကောက်၊ ဒီဇင်ဘာ ၂၈
ထိုင်းနိုင်ငံမှာ အရက်မူးပြီး ကားမောင်းသူတွေအနေနဲ့ မကြာခင် ပိုမို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီး ဆူရီယာ ဂျွန်ရွမ်ရီယန်ကစ်က ကြေညာပါတယ်။
ယာဉ် မတော်တဆမှု လျှော့ချနိုင်ရေး ရည်ရွယ်တဲ့ ပိုမို တင်းကြပ်တဲ့ ဥပဒေတွေ ပြဌာန်းရေး ထိုင်းအစိုးရက ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။
အထူးသဖြင့် အရက်မူးပြီး ကားမောင်းတာ၊ စမတ်ဖုန်းတွေကြောင့် အာရုံပျက်ပြားတာ၊ ယာဉ်မောင်းနေရင်း အိပ်ငိုက်တာ၊ အရှိန်လွန် မောင်းနှင်တာနဲ့ တခြား ယာဉ်စည်းကမ်းချိုးဖောက်မှုတွေကြောင့် ဖြစ်ပွားတဲ့ ယာဉ်မတော်တဆမှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ပိုများလာကြောင်း ဝန်ကြီး ဆူရီယာက ပြောပါတယ်။
“အရက်မူးနေရင် ကားမမောင်းနဲ့” အဖွဲ့ရဲ့ စာရင်းဇယားတွေအရ ပြီးခဲ့တဲ့နှစ် နှစ်သစ်ကူးကာလမှာ ယာဉ်မတော်တဆ ဖြစ်မှုတွေကြောင့် လူ ၂၈၄ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၂၃၀၇ ဦး ရှိကြောင်း သိရပါတယ်။
ယာဉ်စည်းကမ်းဆိုင်ရာ ဥပဒေတွေ ပြင်ဆင်ဖို့ ကြိုးပမ်းမှုတွေကို ပို့ဆောင်ရေးဝန်ကြီးဌာနက ဦးဆောင်ကြိုးပမ်းနေကြောင်း ဝန်ကြီး ဆူရီယာက ပြောပါတယ်။
ယာဉ် မတော်တဆမှုနဲ့ ထိခိုက်သေဆုံးမှုတွေကို တားဆီးတဲ့နေရာမှာပြစ်ဒဏ်ဆိုင်းငံ့ခွင့်ကို ပယ်ဖျက်ပြီး အရက်မူးပြီး ယာဉ်မောင်းနှင်သူတွေကို ပိုမို ပြင်းထန်တဲ့ပြစ်ဒဏ်တွေ ချမှတ်ဖို့ ဥပဒေတွေကို ပြင်ဆင်သွားမှာဖြစ်ပါတယ်။
ထိုင်းမှာ ကျင့်သုံးလာတဲ့ သက်တမ်း ၂ နှစ်ရှိ တည်ဆဲ ဥပဒေတွေဟာ အကြိမ်ကြိမ် ပြစ်မှု ကျူးလွန်မှုတွေအတွက် အရေးယူရေး ထိရောက်မှု မရှိ ဖြစ်နေတယ်လို့ ဝန်ကြီး ဆူရီယာက ပြောပါတယ်။
လူအများ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာစေရေး ဥပဒေ စည်းကြပ်မှု အားကောင်းဖို့ လိုအပ်ကြောင်း ဝန်ကြီးက ထောက်ပြထားပါတယ်။
ဥပဒေကြမ်း အပြီးသတ် ရေးဆွဲပြီးတာနဲ့ အတည်ပြုရေးအတွက် ဝန်ကြီးများအဖွဲ့ဆီ တင်ပြသွားမှာ ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
အဓိက ရည်မှန်းချက်ကတော့ နှစ်သစ်ကူးကာလမှာ ယာဉ်မတော်တဆ မှု လျှော့ချရေးဖြစ်ပြီး အဆုံးစွန်အနေနဲ့ ထိုင်းအစိုးရက အဲဒီကာလအတွင်း ယာဉ်မတော်တဆမှု လုံးဝ ကင်းစင်ရေး ဆောင်ရွက်မှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ နှစ်သစ်ကူးကာလဟာ ယာဉ်မတော်တဆမှု အများဆုံး ကာလဖြစ်ပြီး အများစုဟာ အရက်မူးပြီး ယာဉ်မောင်းနှင်တာနဲ့ အရှိန်လွန် မောင်းနှင်းမှုကြောင့် ဖြစ်တယ်လို့ “အရက်မူးနေရင် ကားမမောင်းနဲ့”အဖွဲ့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Ref:Bangkokpost/ The Thaiger