ဝါရှင်တန်၊ ဒီဇင်ဘာ ၂၈

ဇန်နဝါရီ ၂၀ ရက်မှာ ရာထူးကနေ မထွက်ခင် ဘိုင်ဒန်အစိုးရက ယူကရိန်းအတွက် စစ်ရေးအကူအညီ တတ်နိုင်သမျှ ပေးပို့ရေး ကြိုးပမ်းနေချိန်မှာ ယူကရိန်းအတွက် ကန်ဒေါ်လာ ၁ ဒသမ ၂၅ ဘီလီယံ တန်ဖိုးရှိ စစ်ရေး အကူအညီပေးရေး ကြေညာသွားမှာ ဖြစ်ကြောင်း အမေရိကန် အရာရှိတွေက ဒီဇင်ဘာ ၂၇ ရက်မှာ ပြောကြားလိုက်ပါတယ်။

မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်တွေနဲ့ HAWK လေကြောင်းရန် ကာကွယ်ရေးစနစ်တို့အတွက် ခဲယမ်းမီးကျောက်တွေ အပါအဝင် အမေရိကန်က ယူကရိန်းအတွက် ခဲယမ်းမီးကျောက် အများအပြား ပေးပို့ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

Stinger ဒုံးကျည်တွေနဲ့ ၁၅၅ မမ၊ ၁၀၅ မမ လက်နက်ကြီးကျည်တွေလည်း ပေးပို့သွားမှာ ဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

အဲဒီကြေညာချက်ဟာ ဒီဇင်ဘာ ၃၀ ရက်မှာ ထွက်လာမယ်လို့ မျှော်လင့်ရကြောင်းနဲ့ အသေးစိတ် အချက်အလက်တွေကို လူသိရှင်ကြား မကြေညာသေးတဲ့အတွက် အဲဒီ အရာရှိတွေက အမည်မဖော်ဘဲ ပြောကြားထားပါတယ်။

မကြာသေးခင် ရက်ပိုင်းက ယူကရိန်း စွမ်းအင်အဆောက်အဦတွေကို ရုရှားက ကြီးကြီးမားမား တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် အခုလိုမျိုးသတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ယူကရိန်း စစ်ပွဲကို ၂၄ နာရီအတွင်း အဆုံးသတ်အောင် လုပ်မယ်လို့ ပြောဆိုထားတဲ့ ဒေါ်နယ်ထရန့် အိမ်ဖြူတော်သို့ ရောက်ရှိလာရင် ယူကရိန်းအတွက် အမေရိကန်ရဲ့ အကူအညီပေးပို့မှု မသေချာတော့ဘူးလို့ ဥရောပမှာ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။

လွှတ်တော်က ယူကရိန်းအတွက် ခွင့်ပြုထားတဲ့ လက်ကျန် စစ်ရေး အကူအညီ ကန်ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံကို ကာကွယ်ရေးဝန်ကြီးဌာနက ဒေါ်နယ် ထရန့် ကျမ်းသစ္စာ မကျိန်ဆိုခင် ပေးပို့နိုင်ဖွယ် မရှိဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ တစ်ဦးက အခုလ စောစောပိုင်းက ပြောဆိုထားပါတယ်။

ထရန့်က သူနဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကြား ဆက်ဆံရေး အကြောင်းကို ပြောဆိုပြီး ယူကရိန်းနဲ့ ရုရှားကြား ညှိနှိုင်းထားတဲ့ ဖြေရှင်းမှုမျိုး ပြုလုပ်မယ့်အကြောင်း ပြောဆိုထားပါတယ်။

ထရန့်အနေနဲ့ လက်ရှိ ယူကရိန်းမှာ ရုရှား သိမ်းထားတဲ့ နယ်မြေတွေကို ကိဗ်အစိုးရက လက်လွှတ်ပြီး ငြိမ်းချမ်းရေး ယူခိုင်းဖို့ ဖြစ်လာနိုင်ခြေ ရှိတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

လွှတ်တော်က ခွင့်ပြုထားတဲ့ ယူကရိန်းအတွက် စစ်ရေး အကူအညီတွေကို ထရန့်က သူအာဏာရလာချိန် မပေးတော့မှာကို အမေရိကန်နဲ့ ဥရောပ အရာရှိတွေက စိုးရိမ်နေကြပါတယ်။

ယူကရိန်းအနေနဲ့ အနောက်တိုင်းရဲ့ အကူအညီ မရတော့ဘူးဆိုရင် မကြာခင်မှာပဲ စစ်ရှုံးရလိမ့်မယ်လို့ သမ္မတ ပူတင်က လှောင်ပြောင် ပြောဆိုထားပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.