မော်လမြိုင် ၊ ဒီဇင်ဘာ ၂၉

စစ်ကောင်စီ အကောက်ခွန်ဦးစီးဌာနက သွင်းကုန်၊ ပို့ကုန်တွေအပေါ် အခွန်ပြောင်းလဲကောက်ခံမှုကြောင့် ကုန်ပစ္စည်းဈေးနှုန်းတွေ ထပ်မံမြင့်တက်လာနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။

သွင်းကုန်၊ ပို့ကုန်တွေအပေါ် ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲလှယ်နှုန်းအစား ဈေးကွက်ရည်ညွှန်းဈေး နှုန်းနဲ့ ပြောင်းလဲကောက်ခံသွားမယ်လို့ စစ်ကောင်စီ အကောက်ခွန်ဦးစီးဌာနက ဒီဇင်ဘာ ၂၇ ရက်နေ့ ရက်စွဲနဲ့ ကြေညာလာပါတယ်။

အကောက်ခွန်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သွင်းကုန်၊ ပို့ကုန်လုပ်ငန်းရှင်တွေဟာ လက်ရှိဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲဈေးနှုန်းဖြစ်တဲ့ အမေရိကန်တစ်ဒေါ်လာ ကျပ် ၂၁၀၀ အစား ဈေးကွက်ရည်ညွှန်းဈေးနှုန်းတဲ့ တစ်ဒေါ်လာ ကျပ် ၄၀၀၀ ကျော်အထိ အခွန်ပေးဆောင်ရတော့မှာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ သွင်းကုန်၊ ပို့ကုန်တွေတွေအပေါ် အခွန်ပြောင်းလဲကောက်ခံတာဟာ နိုင်ငံခြားငွေ လိုအပ်ချက်ကြောင့်ဖြစ်သလို ကုန်ဈေးနှုန်း ထပ်မံမြင့်တက်လာနိုင်တယ်လို့ ပြောပါတယ်။

“အမှန်တကယ်ကတော့ (စစ်ကောင်စီ)သူတို့ရဲ့ နိုင်ငံခြားငွေ လိုအပ်ချက်အရ ပြောင်းလဲကောက်ခံတာ။ ဒီအချိန်က ဒါတွေက မဖြစ်သင့်သေးဘူးလို့ပဲထင်ပါတယ်။ ထိန်းထိန်းသိမ်းသိမ်း ရွေ့ရမယ့်အချိန်မှာ အခုလိုတိုးတိုးကောက်လာတာ ဖြစ်တဲ့အတွက် ပိုပိုပြီးတော့ အကျပ်အတည်းတွေ ဖြစ်စေတယ်လို့တော့ မြင်ပါတယ်။ သေချာပေါက်ကတော့ ကုန်ဈေးနှုန်းထပ်မြင့်မယ်။ စားသုံးသူတွေ ထိ ခိုက်မှာပေါ့” လို့ ဆိုပါတယ်။

သွင်းကုန်၊ ပို့ကုန်တွေအပေါ် အခွန်ပြောင်းလဲ ကောက်ခံမှုဟာ လာမယ့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ စတင်သက်ရောက်မှာဖြစ်ပြီး အခွန်ပေး‌ဆောင်ရမယ့် ဈေးကွက်ငွေလဲရည်ညွှန်းဈေးနှုန်းကိုလည်း အပတ်စဉ်ထုတ်ပြန်ပေးသွားမယ်လို့ စစ်ကောင်စီ အကောက်ခွန်ဦးစီးဌာနက အသိပေးထားပါတယ်။

မြန်မာနိုင်ငံဟာ အခြေခံစားသောက်ကုန်ကအစ ကုန်ပစ္စည်းအများစုကို အိမ်နီးချင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေကနေ တင်သွင်းနေရတာဖြစ်ပြီး အခုလိုဈေးကွက်ပေါက်ဈေးအတိုင်း အခွန်ပြောင်း လဲ ကောက်ခံလာမယ်ဆိုပါက သွင်းကုန်တွေကိုပါ အခက်တွေ့စေနိုင်တယ်လို့ လုပ်ငန်းရှင်တွေက ထောက်ပြကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.