ကျိုက်ထို၊ ဒီဇင်ဘာ ၂၂
နှစ်ဖက်စစ်ဆင်ရေး တင်းမာနေတဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ဒေသမှာ စစ်ကောင်စီဘက်က တပ်အင်အားတွေ ထပ်မံဖြည့်တင်းလာတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီဟာ ဒီဇင်ဘာ ၁၉ ရက်နေ့ကစပြီး သိမ်ဇရပ်အခြေစိုက် တပ်ရင်းတွေဖြစ်တဲ့ အမှတ် ၂၀၇ ခြေမြန်တပ်ရင်းနဲ့ အမှတ် ၃၁၀ အမြောက်တပ်ရင်းတွေထံ တပ်အင်အားတွေ ထပ်မံဖြည့်တင်းလာတာပါ။
ဒေသခံတွေရဲ့ အဆိုအရ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ရင်းနှစ်ခုထံ အင်အားရာနဲ့ချီရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရောက်ရှိလာတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က တပ်အင်အားတွေ ဖြည့်တင်းလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားလာမှာကို ဒေသခံ ပြည်သူတွေအကြား စိုးရိမ်ပူပန်မှုတွေ ရှိနေတာပါ။
သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်ကတော့ စစ်ကောင်စီရဲ့ တပ်အင်အားဖြည့်တင်းမှုမှာ စစ် မှုထမ်း သင်တန်းဆင်းတွေ အများဆုံးပါဝင်ပြီး စစ်ကြောင်းထိုးလာပါက တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
နှစ်ဖက်စစ်ရေး တင်းမာနေတဲ့ သိမ်ဇရပ်ဒေသမှာတော့ စစ်ကောင်စီဘက်က ကျေးရွာတွေဘက်ကို စားသောက်ကုန် သယ်ယူခွင့် ကန့်သတ်ထားသလို တင်းကျပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့ကလည်း သိမ်ဇရပ်မြို့ ဝါးဒက်ကွင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media