သံဖြူဇရပ်၊ ဒီဇင်ဘာ ၂၀
မွန်ပြည်နယ် သံဖြူဇရပ်မြို့ တည်ထောင်ခြင်း နှစ် ၁၅၀ ပြည့်အထိမ်းအမှတ်ပွဲတော် ကျင်းပပြုလုပ်ဖို့ စစ်ကောင်စီက စီးပွားရေးလုပ်ငန်းရှင်တွေထံကနေ ငွေကျပ်သိန်းဆယ်နဲ့ချီ တောင်းခံနေတယ်လို့ အမည်မဖော်လိုတဲ့ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
သံဖြူဇရပ်မြို့ တည်ထောင်ခြင်း အထိမ်းအမှတ်ပွဲတော် ကျင်းပဖို့အတွက် ပြီးခဲ့တဲ့နိုဝင်ဘာလကုန်ပိုင်းမှာ စစ်ကောင်စီရဲ့ သံဖြူဇရပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အတွင်းရှိ စီးပွား ရေးလုပ်ငန်းရှင်တွေကို ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့က စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းအမျိုးအစားအပေါ် မူတည်ပြီး ပွဲတော်ဖြစ်မြောက်ရေးအတွက် ငွေကြေးပေးဆောင်ကြဖို့ တောင်းခံလာတာပါ။
အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက စီးပွားရေးလုပ်ငန်းတွေကို လုပ်ငန်းအမျိုးအစားအပေါ်မူတည်ပြီး အနည်းဆုံးကျပ်သုံးသိန်းကနေ ကျပ်သိန်း ၅၀ အထိ တောင်းခံထားတယ်လို့ ပြောပါတယ်။
စစ်ကောင်စီကတော့ သံဖြူဇရပ်မြို့ တည်ထောင်ခြင်း အထိမ်းအမှတ်ပွဲတော်ကျင်းပဖို့ ကျပ်သိန်း ၁၀၀၀ ကျော် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။
သံဖြူဇရပ်မြို့နယ်အတွင်းမှာ လုပ်ငန်းပေါင်း ၅၀၀ ထက်မနည်း ရှိနေတာကြောင့် ပျှမ်းမျှကောက်ခံရရှိငွေ ကျပ်သိန်း ၂၅၀၀ လောက်ရနိုင်တယ်လို့ လုပ်ငန်းရှင်တွေက ပြောကြပါတယ်။
အဲဒီအထိမ်းအမှတ်ပွဲတော်ကိုတော့ လာမယ့် ဒီဇင်ဘာ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ သံဖြူဇရပ်မြို့လယ်ပန်းခြံမှာ ကျင်းပပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။
ပွဲတော်အတွင်း မြို့သူမြို့သားတွေ စုပေါင်းကာ သံဃာတော်အပါး ၁၅၀ ကို ဆွမ်းကပ်တာ၊ ဆွမ်း ဆန်စိမ်းလှူဒါန်းတာ၊ ကမ္ဗည်းမော်ကွန်းကျောက်စာ စိုက်ထူတာ၊ မဂ္ဂဇင်း၊ ပြက္ခဒိန်ထုတ်ဝေတာ၊ အားကစားပွဲ၊ ဖျော်ဖြေရေးတွေနဲ့ စာပေပြိုင်ပွဲတွေ ထည့်သွင်းကျင်းပသွားဖို့ လျာထားပါတယ်။
သံဖြူဇရပ်မြို့ကို ၁၈၇၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး ၁၉၆၄ ခုနှစ်မှာတော့ မြို့နယ်အဆင့်အဖြစ် သတ်မှတ်ခဲ့တာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ